အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီကြောင့် အဆိုးရွားဆုံးထိခိုက်သွားခဲ့တဲ့ခရိုင်မှာ ရှာဖွေကယ်ဆယ်ရေးတွေကို ရှေ့နှစ်ဇန်နဝါရီလအထိ ဆက်လုပ်သွားရမှာဖြစ်တယ်လို့ ပြောလိုက်တဲ့တချိန်တည်းမှာပဲ၊ ရာသီဥတုဆိုးရွားမှုကြောင့် Anak Krakatau မီးတောင်ကျွန်းကနေ နောက်ထပ်ဆူနာမီထပ်ဖြစ်နိုင်ချေ ရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးတာတွေ မလုပ်နိုင်ဘဲဖြစ်နေပါတယ်။
ဆန်ဒါးရေလက်ကြားမှာဖြစ်ခဲ့တဲ့ ဆူနာမီရေလှိုင်းကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၂၆ ယောက်ရှိသွားခဲ့ပြီလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘေးဒုက္ခကယ်ဆယ်ရေးအေဂျင်စီက ဒီကနေ့ ပြောပါတယ်။ အစောပိုင်းတုန်းကတော့ တချို့သေဆုံးသွားတဲ့သူတွေရဲ့ စာရင်းက ၂ ခါ ထပ်နေတာကြောင့် ဒါဟာ အရင်ကကြေငြာခဲ့တာထက်တော့ အနည်းငယ်လျော့သွားခဲ့ပါတယ်။ အခုချိန်ထိတော့ ၂၃ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ပင်လယ်ပြင်မှာ လှိုင်းကြီးပြီး ၊ တိမ်ထူနေတာကြောင့် Anak Krakatauk မီးတောင်ကို စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ကြိုးပမ်းတာတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စနေနေ့က ပေါက်ကွဲမှုကြောင့် မီးတောင်ရဲ့ ကြီးမားတဲ့အစိတ်အပိုင်းကြီး ပြိုကျခဲ့ပြီး၊ ဆူနာမီရေလှိုင်း ဖြစ်ပွားခဲ့ပါတယ်။
ဂြိုဟ်တုကနေရရှိတဲ့ ပုံရိပ်တွေအရတော့ ၊ မီးတောင်ဟာ အခုအခါမှာ သေးသွားတာကြောင့် နောက်ထပ်ဆူနာမီဖြစ်လာခဲ့ရင်လည်း အခုလောက်ထိတော့ ပြင်းထန်စရာမရှိတော့ဘူးလို့ ဆူနာမီကျွမ်းကျင်သူ Gegar Prasetya က ပြောပါတယ်။ Banten ခရိုင်မှာ ဇန်နဝါရီ ၉ ရက်နေ့အထိ အရေးပေါ် အခြေအနေကြေငြာထားတယ်လို့ အင်ဒိုနီးရှားဘေးဒုက္ခကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။
Your browser doesn’t support HTML5