ရိုက်တာသတင်းထောက် ၂ ဦး အယူခံပယ်ချမှု နိုင်ငံတကာရှုတ်ချ

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကိုချိုးဖေါက်မှုနဲ့အဖမ်းခံနေရတဲ့ ရိုက်တာစ်သတင်းထောက် ၂ ဦးရဲ့ အယူခံကို ရန်ကုန်တိုင်း တရားလွှတ်တော်က မနေ့ကပဲ ပယ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက သတင်းမီဒီယာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကပါ အပြစ်တင်ရှုတ်ချနေကြ ပါတယ်။ ဒီအကြောင်း ကိုကျော် အောင်လွင်က တင်ပြပေးထားပါတယ်။

ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ရဲ့အယူခံကို တရားရုံးက ပလပ်လိုက်တာနဲ့ပတ်သက်ပြီး အလေးအနက် စိတ်ပျက်ရတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကပဲကြေညာချက် ထုတ်ပြန်ပါ တယ်။ ဘယ် ဒီမိုကရေစီနိုင်ငံမှာမဆို သတင်းလွတ်လပ်ခွင့်ဟာ အကာအကွယ်ပေးရမယ့် အရာ ဖြစ်ပါတယ်။ မနေ့က တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အပေါ်မှာ သံသယဖြစ်ရယုံတင်မက မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကိုပါ မေးခွန်းတွေထုတ်စရာ ဖြစ်နေပါတယ်။ အမေရိကန်အနေနဲ့ သတ္တိ ကောင်းတဲ့ သတင်းထောက် ၂ ဦးလွတ်မြောက်ရေးကို နည်းမျိုးစုံနဲ့ ဆက်ပြီးလုပ် ဆောင်သွားမှာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Robert Palladino က ကြေညာချက်ထုတ်ပြန် ပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မနေ့ကပဲကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားပါသေးတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက သတင်းလောကသားတွေအားလုံးကို ကြောက်လန့် သွားအောင် ခြောက်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီမိုကရေစီကိုပျက်စီးစေမယ့်ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒီလိုဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်မျိုးကို ကနေဒါအနေနဲ့ မထောက်ခံနိုင်ဘူးလို့ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရပ်စ်ကလည်း ရိုက်တာ့စ်သတင်းထောက် ၂ ဦးရဲ့ ထပ်ဆင့် အယူခံဝင်မှုတွေမှာ အပြုသဘောဆောင်တဲ့ရလာဒ်တွေ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ်အနေနဲ့ ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ဒဏ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း လူသိရှင်ကြား အရင်ကတည်းက ထုတ်ဖော်ပြောဆို ခဲ့ပြီးဖြစ်သလို သူတို့နှစ်ဦး ပြန်လွတ်မြောက်ရေးအတွက်လည်း ရှေ့ရှုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တို့ဟာ ဒီမိုကရေစီရဲ့ အဓိက မဏ္ဍိုင်တွေဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆို ခဲ့ပြီးပါပြီ။ ရခိုင်ပြည် နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေ အပေါ် ကြီးမားတဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုနဲ့ ပတ်သတ်လို့ သတင်းယူမှုအတွက် ဒီသတင်းထောက်နှစ်ဦးကို အရေးယူအပြစ်ပေးတာဟာလည်း လက်ခံနိုင်စရာမရှိပါဘူး။ ဒီ သတင်းထောက်နှစ်ဦးရဲ့အမှုကို ဥပဒေအရ ထပ်ဆင့်အယူခံဝင်ရာမှာ အပြုသဘော ဆောင်တဲ့ ရလဒ်ထွက်ပေါ်လာလိမ့်မယ်လို့လည်း အတွင်းရေးမှူးချုပ် အနေနဲ့ မျှော်လင့်ပါတယ်။”

Human Rights Watch လို့ခေါ်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေး မှူး Bred Adams ကလည်း တရားရုံးဟာ အစိုးရနဲ့စစ်တပ်အကြိုက် လိုက်လုပ်ပေးနေတယ်လို့ တုံ့ပြန်ပါတယ်။

“မနေ့ကဆုံးဖြတ်လိုက်တဲ့တရားရုံးရဲ့လုပ်ရပ်ဟာ အစိုးရနဲ့စစ်တပ်လိုချင်တဲ့အတိုင်း လုပ်ပေးခဲ့တာ ဖြစ်လို့ ဒီ ဆုံးဖြတ်ချက်ဟာ စစ်မှန်တဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒီအတိုင်းဆိုရင် ဒီသတင်းထောက် နှစ်ဦးမှာ ပြစ်မှုကျုးလွန်မှု မရှိဘူးဆိုတဲ့ သီးခြား လွတ်လပ်တဲ့ တရားရေးဆုံးဖြတ်ချက်မျိုးဖြစ်ပေါ် လာဖို့က အကြောင်းမရှိပါဘူး။ ကျနော်တို့ HRW လူ့အခွင့်အရေး စောင့် ကြည့်မှုအဖွဲ့အနေနဲ့ သတင်းထောက် ၂ ဦးမလွတ်မြောက်မချင်း မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာက များစွာသော အဖွဲ့ အစည်းတွေနဲ့ တွန်းအားပေးမှုတွေဆက်ပြီးလုပ်သွားမှာပါ”- လို့ HRW အဖွဲ့က အာရှရေးရာ ညွှန်ကြားရေးမှူး Bred Adams က ပြောသွား ခဲ့တာပါ။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက် ၂ ဦး အယူခံပယ်ချမှု နိုင်ငံတကာရှုတ်ချ