အမေရိကန်ပြည်ထောင်စုမှာ သမ္မတဘိုင်ဒန်အစိုးရ သက်တမ်းကုန်ဆုံးချိန်နားမှာ အကန့်အသတ်ထား လုပ်ဆောင်တဲ့ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ကျူးဘားနိုင်ငံမှာ ဘဲလေးအကပွဲတော်တခု ကျင်းပနေပါတယ်။ ဟားဗားနားမြို့တော်မှာ ဒုတိယအကြိမ် Ballet Beyond Borders (BBB) ဘဲလေးအကပွဲတော်ကို အမေရိကန်နဲ့ ကျူးဘားက အကအဖွဲ့တွေပေါင်းပြီး ဇန်နဝါရီ ၇ ရက်နေ့ အင်္ဂါနေ့ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၁ ရက်အထိ ကျင်းပမယ့် ဒီပွဲမှာ ကျူးဘားနိုင်ငံရဲ့ နာမည်အကျော်ဆုံးအကအဖွဲ့ဖြစ်တဲ့ Lizt Alfonso Dance Cuba နဲ့ အမေရိကန်က Rocky Mountain Ballet Theater တို့ ပါဝင် တင်ဆက်ပါတယ်။ ကမ္ဘာကျော် အမေရိကန်အဆိုတော်တွေ ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ မက်ဒေါနားတို့အတွက် ကကွက်ဆန်းတွေ ဖန်တီးပေးခဲ့တဲ့ နာမည်ကျော် အမေရိကန် အကပညာရှင် Vincent Paterson ဗင်းဆင့် ပက်တာဆင်က ကျူးဘားအကနာမည်ကျော်တွေအတွက် မိုက်ကယ်ဂျက်ဆင်ရဲ့ "Thriller" သီချင်းကို ပြန်လည်ဖန်တီးပြီး သင်ပေးခဲ့ပါတယ်။
ကျူးဘား၊ ဘရာဇီး၊ အမေရိကန်၊ အီတလီ၊ ပနားမား၊ မက္ကဆီကိုနဲ့ ရိုမေးနီးယားက အက အနုပညာရှင်တွေက နိုင်ငံတကာအကတွေ ပေါင်းစပ်ဖျော်ဖြေခဲ့ကြတာပါ။ "အကဆိုတာ အားလုံးနားလည်နိုင်တဲ့ ကမ္ဘာ့ဘာသာစကားပါ။ နိုင်ငံတွေအတွက် ပေါင်းကူးတံတားဖြစ်ပါတယ်" လို့ ပက်တာဆင်က ပြောပါတယ်။
အမေရိကန် အကပညာရှင် Charlene Carey ချားလင်း ကယ်ရီ တည်ထောင်ခဲ့တဲ့ Ballet Beyond Borders ဟာ ကမ္ဘာတဝန်းက အကပညာရှင်တွေကို စုစည်းပြီး အကအမျိုးအစား အမျိုးမျိုးအတွက် ပြိုင်ပွဲတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဖျော်ဖြေပွဲတွေ စီစဉ်ပေးတဲ့ စင်မြင့်တခု ဖြစ်ပါတယ်။
"ဘဲလေးမှာအကအတွက်ဆိုရင် ကျူးဘားက အထူးခြားဆုံး နိုင်ငံပါပဲ။ ကျွန်မတို့အားလုံး ရုရှားနဲ့ ဗြိတိသျှ ဘဲလေးပညာရပ်တွေကို လေ့လာခဲ့ကြပေမယ့် ကျူးဘားမှာက တခြားနိုင်ငံတွေမှာ မတွေ့ရတဲ့ ယောကျာ်းဆန်တဲ့ စွမ်းအားတမျိုး ရှိနေတယ်။ အဲဒါ သူ့ရဲ့စွမ်းအားပဲ" လို့ Ballet Beyond Borders ရဲ့ ဒါရိုက်တာ ချားလင်း ကယ်ရီက ပြောပါတယ်။
ပွဲတော်ဖွင့်ပွဲနေ့မှာ ဟားဗားနားရှေးဟောင်းမြို့ပိုင်းက လမ်းတလမ်း လူအများကြီးနဲ့ "Thriller" အကပြပွဲ လုပ်ခဲ့ပြီး ကျူးဘားဆာလ်ဆာအကနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ကျူးဘားနိုင်ငံဟာ သူ့ရဲ့ ရိုးရာဘဲလေးအကအဖွဲ့နဲ့ ကမ္ဘာကျော်ပေမယ့် တခြားခေတ်ပေါ်အက၊ စပိန်အကနဲ့ ရိုးရာအကအဖွဲ့တွေလည်း အများအပြား ရှိပါတယ်။