ဖွံ့ဖြိုးဆဲနိုင်ငံတွေ အင်တာနက်သုံးစွဲမှု ပိုမြင့်မား

ကမ္ဘာတဝန်းမှာ အင်တာနက် သုံးစွဲသူ အရေအတွက် ဆက်လက် များပြားလာနေတယ်လို့ ကုလသမဂ္ဂရဲ့ ဆက်သွယ်ရေးဆိုင်ရာ အေဂျင်စီ ITU ကပြောလိုက်ပါတယ်။ ဒီနှစ်မကုန်ခင် ကမ္ဘာပေါ်က အင်တာနက် သုံးစွဲသူ အရေအတွက် စုစုပေါင်းဟာ သန်းပေါင်း ၃ ထောင်လောက်ရှိမှာဖြစ်ပြီး အဲဒီထဲက ၃ ပုံ ၂ ပုံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ ITU ရဲ့ ကြေညာချက်မှာ လက်ကိုင် Mobile ဖုန်းသုံးစွဲသူ အရေအတွက် ၂၀၁၄ အကုန်မှာ သန်းပေါင်း ၇ ထောင်အထိ ရှိလိမ့်မယ်လို့ ပြောထားပါတယ်။

တချိန်တည်းမှာပဲ ကြိုးဖုန်းသုံးစွဲသူ အရေအတွက်ကတော့ ဆက်လက် ကျဆင်းနေပြီး ၂၀၀၉ ခုနှစ်ကထက်စာရင် ဒီနှစ်ထဲ ကြိုးုဖုန်းသုံးစွဲသူ သန်း ၁၀၀ ပိုနည်းသွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတွေမှာ ကြိုးဖုန်းထက် လက်ကိုင်ဖုန်း သုံးစွဲသူအရေအတွက် ပိုများလာနေပြီး အထူးသဖြင့် အာရှ ပစိဖိတ် ဒေသမှာ အများဆုံးဖြစ်တယ်လို့ ITU ကပြောပါတယ်။

လက်ကိုင်ဖုန်းဈေးကွက်ဟာ အမြင့်ဆုံးကို ရောက်နေတယ်လို့ တွက်နိုင်တယ်လို့လည်း ITU ကဆိုပါတယ်။ ဒီနှစ်မကုန်ခင် အင်တာနက် သုံးစွဲနိုင်တဲ့ အိမ်ထောင်စုပေါင်းက ကမ္ဘာတဝန်းမှာ ၄၄% အထိရှိလာနိုင်တယ်လို့လည်း ကြိုတင်တွက်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိမ်ထောင်စုပေါင်း ၃ ပုံ ၁ ပုံ လောက်က အင်တာနက်ချိတ် ဆက်သွယ်နိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ အိမ်ထောင်စုပေါင်းက ၇၈% လောက်ရှိပါတယ်။ ကုလသမဂ္ဂရဲ့ ဆက်သွယ်ရေးဆိုင်ရာ အေဂျင်စီ ITU ရဲ့ ခန့်မှန်းချက်တွေဟာ ဘက်လိုက်မှုကင်းပြီး ယုံကြည်စိတ်အချရဆုံး ကိန်းဂဏန်းတွေလို့ သတ်မှတ်ကြတဲ့အတွက် အစိုးရဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေက ကိုးကားမှီငြမ်းလေ့ ရှိကြပါတယ်။