"Right to Recall" ဟာ မဲဆန္ဒရှင်တွေ အခွင့်အရေး - ဦးတင်အေးနဲ့ တွေ့ဆုံခြင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်း။

Right to Recall ခေါ်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုနိုင်ပြီးတော့ ဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်တွေကို လူထုက ထိန်းကျောင်းပေးနိုင်ခဲ့မယ်ဆိုရင်၊ အာဏာရကြံ့ခိုင်ရေး ပါတီတွင်း မကြာခင်ကဖြစ်ခဲ့တဲ့ ပြဿနာရပ်မျိုး ကြီးကြီး ကျယ်ကျယ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ယူဆတဲ့ အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ ပြောသွားပါတယ်။

မူလမဲဆန္ဒရှင် တစ် ရာခိုင်နှုန်းက သူတို့ကိုယ်စားလှယ်ကို ကန့်ကွက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းနိုင်တယ် ဆိုပေမယ့်၊ ဒီ Right to Recall ဥပေဒေအရ ကိုယ်စားလှယ်ကို ဖယ်ရှားဖို့ ဆိုတာ ရွေးကောက်ပွဲကော်မရှင် က စုံစမ်းမှု မဲဆန္ဒပြန်လည်ခံယူမှု စတဲ့ အဆင့်ဆင့်ဖြတ်ကျော် ရဦးမှာဖြစ်တယ် လို့လည်း ပြော ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက သီးသန့်မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ လူတွေပြောနေကျတဲ့ Right to recall ပေါ့နော်။ ဒီ Right to Recall ကလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်နဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါတာပေါ့နော်။ အဲ့ဒီ့မှာ အပိုဒ် (၁၀) ထဲမှာ ပါတာပေါ့။ ဒီ Right to Recall နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်တို့ လွှတ်တော် အသီးသီးကနေ ဒီဥပဒေမူကြမ်းကို အတည်ပြု ပြဋ္ဌာန်းပေးဖို့ လေးကြိမ်မြောက် တင်ခဲ့တယ် ဆိုပြီးတော့ သိရပါတယ်။ နောက်ဆုံး မနေ့က ပြီးဆုံးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ ဒီကိစ္စကို ဆက်ပြီး မဆွေးနွေးဘူးလို့ ဆုံးဖြတ်ပါတယ်။ ဒီအပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ ဘယ်လိုများ မြင်ပါလဲရှင့်။

ဦးတင်အေး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောရင် အခြေခံ မူထဲမှာလည်း ပါ ပါတယ်။ အခြေခံမူက ဘာလဲဆိုတော့ မဲပေးခွင့်ရှိသလိုပဲ။ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ တချက် ပါပါတယ်။ နောက် ကိုယ်ရွေးချယ်ထားတဲ့သူကို recall လုပ်ခွင့်ရှိတယ်ဆိုပြီး ဒီလိုလဲ ပါပါတယ်။ ။ အဲ့တာကြောင့် ဖွဲ့စည်းပုံ အခြေခံမှာ သူက ပြဋ္ဌာန်းထားတယ်။ ခုနကပြောတဲ့ ၃၉၆ (ခ) ကျတော့ recall လုပ်ချင်လို့ရှိရင် ကော်မရှင်ကို တစ်ရာနှုန်းက တိုင်ကြားရင် ကော်မရှင်က စုံစမ်းရမယ်။ ပြီးရင် ဆက်အရေးယူရမယ် ဆိုတာ ပါပါတယ်။ ၃၉၇ ကျတော့ ဘာပါလဲဆိုတော့ ဒီ recall Law ကို ဥပဒေပြဋ္ဌာန်းရမယ် ဆိုပြီး ဒါ ညွန်ကြားထားတာပါ။

အဲ့တော့ ကျနော်ကတော့ ဘာလဲဆိုတော့ နေရာတကာမှာ Checks and Balances ရှိဖို့ လိုပါတယ်။ ကျနော် အကြိမ်ကြိမ်လည်း ပြောဖူးပါတယ်။ ပြည်သူ့အသံက လွှတ်တော်အသံ ဖြစ်ရမယ်။ ပြည်သူ့ကိုယ်စားပြုရမယ်။ ပြည်သူ့ဆန္ဒကို လွှတ်တော်က ဖြည့်ဆည်းပေးရလိမ့်မယ်။ သို့သော် မင်းတို့လွှတ်တော်ကြီး က ပြည်သူ့အသံလို့ သဘောထားလို့မရဘူး။ တခါတလေလည်း လွှတ်တော်ကနေပြီးတော့ လူထုကို ကာဗာယူပြီးတော့ ပြောတာလည်း ရှိကောင်းရှိလိမ့်မယ်။ အဲ့တော့ ဒီလိုကိစ္စမှာကျတော့ ဘာလဲဆိုတော့ ဒီrecall Law နဲ့ လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ကို ထိန်းလို့ပဲ ရမယ်။

အဲ့တော့ ပြောရမယ်ဆိုရင် ၁ က တင်ရတဲ့ကိစ္စက ကျနော်တင်တာလည်း ကြာပါပြီ။ ကြာပြီဆို ကိုအောင်သိန်းလင်းကို စပြီးတော့ recall လွန်ခဲ့တဲ့ သုံးနှစ်လောက်က စဖြစ်တာ။ စလုပ်ပါတယ်။ လုပ်တော့ ကျနော် မရှိသေးဘူးကိုး။ recall Law ကို ပြဋ္ဌာန်းပါလို့ပြောတယ်။ ဟော မကြာဘူး။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို recall လုပ်တယ်။ အဲ့တော့လည်း ကျနော်က လုပ်ပါဆိုတော့ အဲ့ဒီ့တုန်းက နာယကကြီး ဦးခင်အောင်မြင့်က ဒါက ဒီ Lawက ကော်မရှင်က လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကော်မရှင်က ဥပဒေ ကြမ်း ရေးဆွဲတင်ပြပါဆိုတော့ ကျနော် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက တင်ထားတာပါ။ ဥပဒေကြမ်းရေးဆွဲတယ်။ တင်တယ် ပြီးရင် လုပ်သားပြည်သူတွေ လေ့လာ ဖတ်ရှု့နိုင်အောင် ကျနော် သတင်းစာထဲ ထည့်ထားပါတယ်။

အဲ့လိုပဲ recall Law နဲ့ တိုင်တဲ့သူ အခုဆိုရင် ၁၀ ယောက် ရှိသွားပါပြီ။ အဲ့တော့ ကျနော် ဆိုလိုချင်တာက လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းကျောင်းမယ့်ဟာက မရှိဘူးဖြစ်နေတယ်။ ထိန်းကျောင်းမှာက သူ့ပြည်သူကပဲ။ ပြည်သူဖြစ်တဲ့အတွက် recall Law က ရှိဖို့သင့်တယ်။ ကနေ့ ဖြစ်ပွားသွားသော USDP ပြသနာဟာဆိုရင် ဒါ အကယ်လို့ ပြည်သူလူထုက ထိန်းကျောင်းပေးနိုင်မယ်ဆိုရင် ဒီလို ကြီးကြီးကျယ်ကျယ် မဖြစ်နိုင်ဘူးလို့ ကျနော် ခံစားပြီးတော့ လေးကြိမ်မြောက် တင်လိုက်တာပါ။

ဒီဟာကြီးဖြစ်သွားမှ အော် တကယ်လို့သာ ဒါလေးရှိနေရင် လူထုက ထိန်းပေးလိုက် လို့ရှိရင် အကြီးအကျယ် မဖြစ်ဘူးဆိုပြီး ကျနော် ဒီလိုလေး တွေးပြီးတော့ ကျနော် တင်တာပါ။

နောက်တချက်က ဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်း ထားတာဖြစ် တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း ကို ပြန်လည် ရုပ်သိမ်းခွင့်ရှိတယ်ဆိုရင် ဒီအခွင့်အရေးကို ရအောင် လုပ်ပေးရမယ်။ လုပ်တဲ့ဟာက လွှတ်တော်ရဲ့ တာဝန်ပဲ။ ထို့အတူပဲ ၃၉၇ မှာ ဒီဥပဒေပြဋ္ဌာန်းရမယ် လို့ပြောတယ်။ ပြဋ္ဌာန်းရမှာ လွှတ်တော်ရဲ့ တာဝန်ပဲ။

အဲ့ဒီ့မှာ သူတို့က ဘာကို သွားပြီးတော့ Allergy ဖြစ်နေလဲဆိုတော့ တစ်ရာနှုန်း ဆိုတာကိုဖြစ်တယ်။ ကျနော်ကလည်း ပြောပါတယ်။ ဥပဒေကြမ်းကော်မတီမှာ ကျနော် ကိုယ်တိုင် တက်ပြီးတော့ ဆွေးနွေးခဲ့ဖူးပါတယ်။ တစ်ရာနှုန်းကို မစိုးရိမ်ပါနဲ့။ တစ်ရာနှုန်းဆိုတာ စုံစမ်းတာပဲ ရှိပါတယ်။ စုံစမ်းတာ မှားတယ်ဆိုရင် ပယ်ချလိုက်ပါမယ်။ စုံစမ်းတာ မှန်ပြီဆိုရင် ဒါ စိုးရိမ်စရာမရှိဘူး။ ခုနကပြောတဲ့ မဲပြန်ပေးရပါမယ်။ အဲ့ဒီ့ကျရင် ၅၀% အထက် ရနေရင် ခင်ဗျားတို့ ပြုတ်စရာ အကြောင်းမရှိဘူး။ ဒါတော့ ခင်ဗျားတို့ ရင်ဆိုင်ရဲရမယ်။ ဒီလိုလုပ်တဲ့အတွက် ခင်ဗျားတို့ ချေပပိုင်ခွင့်တွေ သက်သေပြပိုင်ခွင့်တွေ ရှိပါတယ်။

အဲ့တော့ ကျနော်က ဆိုလိုချင်တာကတော့ ဒီrecall Law က နံပတ်တစ် တချက် ကတော့ ဥပဒေပြဋ္ဌာန်းချက်ဖြစ်နေတယ်။ ဥပဒေပြဋ္ဌာန်းချက်ကို အကောင်အထည် မဖော်ဘူးဆိုရင် အကောင်အထည်ပေါ်အောင် မဆောင်ရွက်ပေးဘူးဆိုရင် ဒါ လွှတ်တော်ရဲ့ တာဝန်ဖြစ်နေတယ်။

ပြောရရင်တော့ ပေးအပ်သော တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ဒီလိုလည်း ကျနော် မဖြစ်စေချင်ပါဘူး။ ကျနော့်အနေနဲ့ကတော့ ဒီကိစ္စဟာ သတင်းဌာနတွေလည်း ဒီလိုပါပဲ လိုရာ ဆွဲရေးတာပေါ့။ ကိုရွှေမန်းကို impeach လုပ်ချင်လို့ ပြောတယ်။ လုပ်စရာမရှိပါဘူး။ ဘယ်လောက်မှလဲ မကျန်တော့ပါဘူး။ ဘယ်လောက်မှလဲ မကျန်တော့တဲ့အချိန်မှာ ဥပဒေပြုရဦးမယ်။ အဲ့ဒီ့မှာ တခါ နည်းဥပဒေပြန်ပြုရမယ်။ Action လုပ်ရဦးမယ် ဆိုတော့ လုပ်ရင်းကိုင်ရင်းနဲ့ သက်တမ်းကုန်သွားမှာပါ။ ဆိုလိုတဲ့ဟာက သို့သော်လည်းပဲ ဒီလွှတ်တော်ကြီးက recall Law ကြီးကို ပြဋ္ဌာန်းပြီးတော့ နောင်မှာ ဒီrecall Law နဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ထိန်းကျောင်းနိုင်ခွင့်ရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ် တွေ သိပြီးတော့ မှန်မှန်ကန်ကန်ပေါ့လေ အခုက မမှန်တာတော့ မဟုတ်ပါဘူး။ မှန်မှန်ကန်ကန်လေး ဖြစ်သွားရင် ပိုကောင်းပါတယ်။

နှစ်တချက်က လူထုရဲ့ အခွင့်အရေးကိုလည်း မဆုံးရှုံးစေချင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်ဖြစ်နေတယ်။ ဒီပြဋ္ဌာန်းချက်အရ ဥပဒေပြဋ္ဌာန်းရမယ်လို့ ဆိုထားရက်မှ မပြဋ္ဌာန်းဘူးဆိုရင် မကောင်းပါဘူး။ ဒီအတွက်ကြောင့် ကျနော် ပြုတာပါ။ ပြောရင်တော့ ဘယ်သူ့မှ သာစေလိုတဲ့ဆန္ဒ နာစေလိုတဲ့ ဆန္ဒ လုံးဝမရှိပါဘူး။ ဒါပေမဲ့ ဥပဒေပြဋ္ဌာန်းရမယ်ဆိုတဲ့အတွက်ကြောင့် ဒီဥပဒေပေါ်ပေါက်အောင်သာ ကျနာ် စလိုက်တဲ့ ဥပဒေကြောင့်ပါ ကျနော် မစဘူးဆိုရင် ကျနော် မပြောပါဘူး။ ကျနော် စလိုက်တဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် ဒါလေးတော့ ပြီးပြတ်အောင် ပြဋ္ဌာန်းပေးပါလို့ ကျနော် တင်ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ဗွီအိုအေ မြန်မာပိုင်းက ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။