အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့အိမ်ထဲအထိ လူတယောက်ဝင်ပြီး ခင်ပွန်းသည်ကို ရိုက်နှက်တိုက်ခိုက်ခံခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
သောကြာနေ့မနက်က လူတယောက်က အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ San Francisco မြို့က နေအိမ်ထဲကို ဝင်ရောက်ပြီး “နန်စီဘယ်မှာလဲ” လို့ အော်ဟစ်ကာ အောက်လွှတ်တော်ဥက္ကဋ္ဌကို လိုက်ရှာပြီး၊ သူ့ခင်ပွန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်လွှတ်တော်အဆောက်အဦးကို ဝင်ရောက်တိုက်ခိုက်ခံရစဉ်ကလည်း အကြမ်းဖက်တိုက်ခိုက်ခဲ့သူတချို့က အဲဒီလိုမျိုး နန်စီဘယ်မှာလဲဆိုပြီး လိုက်ရှာခဲ့ကြတာပါ။ အခုတော့ သူ့နေအိမ်ထဲအထိ ဝင်ရောက်ရှာဖွေတိုက်ခိုက်တာဟာ အင်မတန်ဆိုးဝါးလှတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Joe Biden က Philadelphia မြို့မှာ သောကြာနေ့က လုပ်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ မဲဆွယ်ပွဲတခုမှာ ပြောကြားခဲ့ပါတယ်။
“အခုက ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းပေါ်လာပါပြီ။ ကျွန်တော်တို့ နိုင်ငံရေးထဲ ဘယ်ဘက်မှာပဲရှိရှိ၊ အကြမ်းဖက်မှုကိုတော့ ဆန့်ကျင်ရပ်တည်ပေးရမဲ့ လမ်းကြောင်းပါ၊ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကျွန်တော်တို့အားလုံး အတူလျှောက်လှမ်းကြဖို့ လိုပါတယ်။” လို့ ပြောခဲ့တာပါ။
တိုက်ခိုက်ခံရတဲ့ ခင်ပွန်းသည်အတွက် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ကိုလည်း သမ္မတက ဖုန်းနဲ့ဆက်သွယ် အားပေးစကားပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ချိန်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌကတော့ Washington မြို့တော်မှာ ရှိနေတာမို့ လွတ်မြောက်ခဲ့ပါတယ်။ ရဲတွေရောက်သွားချိန် တိုက်ခိုက်သူ DePape နဲ့ Paul Pelosi တို့ တူတချောင်းကို လုနေကြတယ်လို့ San Francisco မြို့၊ ရဲချုပ် William Scott ကပြောပြပါတယ်။ ရဲအရာရှိတွေ ဝင်ဆွဲမဖမ်းနိုင်ခင် DePape က တူကိုအတင်းလုပြီး Paul Pelosi ကို ထုရိုက်ခဲ့တယ်လို့ ရဲချုပ်က ပြောပါတယ်။ အသက် ၈၂ နှစ်အရွယ် Paul Pelosi ပြင်းထန်ခေါင်းဒဏ်ရာနဲ့ ဆေးရုံမှာ ခွဲစိတ်ခံခဲ့ရပြီး၊ အခုတော့ အခြေအနေကောင်းလာတယ်လို့လည်း အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကသူ့ကို ပြောပြတယ်လို့ သမ္မတ Biden က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပဖို့ သီတင်းနှစ်ပါတ်တောင် မလိုတော့ချိန်မှာဖြစ်တဲ့ တိုက်ခိုက်မှုအတွက် အတိုက်အခံ ရီပတ်ဘလစ်ကင်ပါတီရဲ့ အထက်လွှတ်တော်ခေါင်းဆောင် သြဇာညောင်းတဲ့ ဝါရင့်အမတ် Mitch McConnell အပါအဝင် အတိုက်အခံပါတီအဖွဲ့ဝင်တွေကလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ အမေရိကန်မှာ သမ္မတနဲ့ ဒုသမ္မတပြီးရင် ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။
တိုက်ခိုက်သူ DePape ကို အခု ဆန်ဖရင်စ္စကိုက ရဲအချုပ်စခန်းမှာ ထိန်းသိမ်းထားပြီး သေစေလောက်တဲ့ လက်နက်နဲ့တိုက်ခိုက်မှု၊ ဖောက်ထွင်းဝင်ရောက်မှုတို့နဲ့ တရားစွဲထားပါတယ်။
=== Unicode ====