နျူကလီယား အစီအစဉ် စောင့်ကြည့်ရေး အီရန်လက်ခံ

အီရန်သမ္မတ Hassan Rouhani

ကမ္ဘာအနှံ့ နျူကလီယား တိုးမြင့်ပြန့်ပွားမှုမဖြစ်စေရေး တားဆီးမှု သဘောတူညီချက်အရ အီရန်နိုင်ငံရဲ့ နျူကလီယားအစီအစဉ်ကို စောင့်ကြည့်ဖို့ကိစ္စကို လက်ခံလိုက်တယ်လို့ အီရန်နိုင်ငံက ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဒီအတိုင်းအတာထက်ကျော်လွန်ပြီးတော့ စစ်ဆေးတာမျိုးကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။

အီရန်သမ္မတ Hassan Rouhani က ဥပဒေနဲ့အညီ ကန့်သတ်ထားတဲ့ အခြေခံမူဘောင်ထက် ကျော်လွန်ပြီးပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှု မှန်သမျှဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့လုပ်ရပ် သာဓကတခုဖြစ်စေလိမ့်မယ်လို့ တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အီရန်သမ္မတက မြို့တော် တီဟီရန်မှာ လတ်တလောရောက်ရှိနေတဲ့ ကုလသမဂ္ဂ နျူကလီယားဆိုင်ရာ စောင့်ကြည့်မှုအဖွဲ့ရဲ့ အကြီးအကဲ Yukiya Amano ယူကီယာ အမာနိုနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ သူ့ရဲ့နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး International Atomic Energy Agency (IAEA) အဖွဲ့ကို နောက်ဆုံးထားပြီး တင်ပြရမယ့် သြဂုတ်လ ၂၅ ရက်နေ့ မတိုင်ခင်မှာ မစ္စတာ Amano ဟာ တရက် ခရီးစဉ်အဖြစ် အီရန်နိုင်ငံရဲ့ မြို့တော်ကို ရောက်ရှိသွားတာပါ။

မစ္စတာ အမာနိုကတော့ တွေ့ဆုံဆွေးနွေးမှုလုပ်ရတာဟာ အကျိုးရှိကြောင်း ပြောဆိုပါတယ်။