အီရန်အပေါ် ကန်ချမှတ်တဲ့ဒဏ်ခတ်မှု တူရကီ ဖီဆန်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo (ယာ) နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu (ဇွန် ၄၊ ၂၀၁၈)

အီရန်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ တင်းမာတဲ့မူဝါဒကို တူရကီနိုင်ငံက ဝေဖန် ပြစ်တင်ထားသလို အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှု ထိရောက်ဖို့ တူရကီရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျတာကြောင့် နှစ်ဘက်အကြား ထိပ်တိုက်တွေ့မှု အသစ်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနနဲ့ သောကြာနေ့ကလုပ်တဲ့ မေးမြန်းခန်းတခုမှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က “အီရန်အပေါ်ချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အကောင်အထည်ဖော်တာဟာ ဒေသတခုလုံးအပေါ် ဆိုးရွား တဲ့သက်ရောက်မှုဖြစ်စေပြီး သိပ်ကိုအန္တရာယ်ကြီးပါတယ်” လို့ပြောပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ရဲ့ အမည်မဖော်တဲ့ အကြီးတန်းအကြံပေးတဦးကလည်း “ကုလသမဂ္ဂရဲ့ ဒဏ်ခတ် အရေးယူမှုကလွဲလို့ တခြားဘယ်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုကိုမှ တူရကီအနေနဲ့ လိုက်နာမှမဟုတ်ပါဘူး။ တခြားနိုင်ငံတွေ လုပ်ချင်တာအတွက် တူရကီကို အသုံးချ ခံမှာ မဟုတ်ပါဘူး” လို့ပြောပါတယ်။

အီရန်နျူကလီယားအရေး နိုင်ငံတကာသဘောတူညီချက်ကနေ နုတ်ထွက်လိုက်ပြီးတဲ့ နောက် အီရန်အပေါ် စီးပွားရေးအရ တင်းမာတဲ့ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်သွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဒီနှစ်အစောပိုင်းမှာ ပြောထားပါတယ်။

တူရကီနဲ့အီရန်တို့ဟာ သမိုင်းကြောင်းအရ ဒေသတွင်း ပြိုင်ဘက်တွေ ဖြစ်ကြပေမဲ့လည်း အမေရိကန်နဲ့ အီရန်အကြား ထိပ်တိုက် တွေ့မှုတခုခုမှာ ကြားညပ်မှာကို တူရကီက စိုးရိမ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။

Your browser doesn’t support HTML5

အီရန်အပေါ် ကန်ရဲ့ဒဏ်ခတ်မှု တူရကီ ဖီဆန်မည်