ဒုတိယအကျော့ကျင်းပရမယ့် အီရန်သမ္မတရွေးကောက်ပွဲ

အီရန် သမ္မတလောင်း Masoud Pezeshkian နဲ့ Saeed Jalili

အီရန်မှာ လစ်လပ်နေတဲ့ သမ္မတနေရာအတွက် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲကို လာမယ့် သောကြာ ဇူလိုင် ၅ ရက်နေ့မှာ ကျင်းပမယ်လို့ ဒီနေ့ စနေနေ့မှာ ကြေညာပါတယ်။ သောကြာနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတွေမှာ ဘယ်သူမှ အပြတ်အသတ် အနိုင်မရခဲ့တာကြောင့် ပြုပြင်ပြောင်းလဲရေးလိုလားသူ သမ္မတလောင်း Masoud Pezeshkian နဲ့ သဘောထားပြင်းထန်တဲ့ အီရန် Nuclear အရေးညှိနှိုင်းရေးမှူး Saeed Jalili တို့ ၂ ယောက် ဒုတိယအကျော့မှာ ပြိုင်ဆိုင်ကြရမှာပါ။

အီရန်မဲဆန္ဒရှင် ၂၄.၅ သန်းမဲပေးခဲ့တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြောခွင့်ရ Mohsen Eslami က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာကြောင့် အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ထဲကဆိုရင် မဲပေးသူ အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ မဲရလာဒ်တွေအရ ပြုပြင်ပြောင်းလဲရေး လိုလားသူ Pezeshkian က ၄၂.၃% မဲရခဲ့ပြီး သဘောထားတင်းမာသူ Jalili က ၃၈.၆% မဲ ရခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က ဘာသာရေးရဲတွေ ထိန်းသိမ်းထားစဉ် အသက် ၂၂ နှစ်အရွယ်အမျိုးသမီး Mahsa Amini သေဆုံးခဲ့ပြီးနောက် နိုင်ငံတဝန်း အခွင့်အရေးတောင်းဆို ဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေအပေါ် လုံခြုံရေးတွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေအတွင်း ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရဟတ်ယာဉ် ပျက်ကျခဲ့လို့ သမ္မတ Ebrahim Raisi (အီဗရာဟင် ရိုင်အီဆီ) ကွယ်လွန်သွားခဲ့တာကြောင့် သမ္မတရွေးကောက်ပွဲ ကျင်းပတာဖြစ်ပြီး ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ အီရန် လူ့အခွင့်အရေး ကြိုးပမ်းသူတွေက တောင်းဆိုထားကြပါတယ်။