အီရန်နျူကလီးယားဆွေးနွေးမှု သတ်မှတ်ရက်ပြည့်

အီရန်နျူကလီးယားအရေး ပြီးပြည့်စုံတဲ့ သဘောတူညီချက်ရအောင် မူလ သတ်မှတ်ထားတဲ့ အချိန်ဖြစ်တဲ့ ဒီကနေ့ အင်္ဂါနေ့မှာပဲ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ရဲ့ ဆွေးနွေးပွဲတွေကို ပြန်တက်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ဟာ သြစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့ကို ပြန်ရောက်သွားပါပြီ။

ပြန်ပြီး တိုင်ပင်ဖို့ တနင်္ဂနွေနေ့က အီရန်ကိုပြန်သွားခဲ့တဲ့ ဝန်ကြီး Zarif ဟာ နေမကောင်းဖြစ်ရာကနေ ပြန်နလံထူလာပြီးဖြစ်တဲ့ အီရန်နျူကလီယား ညှိနှိုင်းရေးမှူး Ali Akbar Salehi နဲ့အတူ ရောက်လာတာ ဖြစ်ပါတယ်။

ပြန်ရောက်လာတဲ့ ဝန်ကြီး Zarif ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအပြီးမှာတော့ ဆွေးနွေးမှု ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

မစ္စတာ Salehi ဟာ နေမကောင်းတဲ့ကြားကပဲ အခုလို ဆွေးနွေးပွဲကို တက်ဖို့ လာရောက်တာဟာ ဒီညှိနှိုင်း ဆွေးနွေးမှုတွေအတွက် အီရန်ဘက်က ဘယ်လောက် အလေးအနက်ထားတယ် ဆိုတာ ပြနေပါတယ်လို့ မစ္စတာ Zarif က ပြောကြာကြောင်း အီရန်အစိုးရ သတင်းတွေက ဖော်ပြပါတယ်။

ဒါ့အပြင် ဒီညှိနှိုင်းဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်လာတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးသန္ဓိဌာန်ချမှု လိုအပ်နေပြီး ဒီလိုချမှတ်မှုရှိမှ ၂ ဘက် လက်ခံနိုင်တဲ့ ရေရှည်ခံမယ့် ဆုံးဖြတ်ချက် ချနိုင်မယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့ဟာ ပြည့်စုံမှုရှိတဲ့ သဘောတူညီချက်တရပ် ချမှတ်ဖို့ သတ်မှတ်ထားတဲ့ရက် ဖြစ်ပါတယ်။ အီရန်နဲ့ P5+1 လို့ခေါ်တဲ့ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့ဟာ အီရန်က နျူကလီးယားလက်နက် ထုတ်နိုင်စွမ်းကို ကန့်သတ်ပြီး အပြန်အလှန်အနေနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေ လျှော့ချပေးဖို့ အရေးအတွက် သဘောတူညီချက် တခုရအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

အခုအနေအထားအတိုင်းဆိုရင် ဒီဆွေးနွေးပွဲကို ရက်အနည်းငယ် ဆက်ပြီး ပြုလုပ်ရနိုင်တယ်လို့ ညှိနှိုင်းဆွေးနွေးသူတွေက ခန့်မှန်းနေကြပါတယ်။