မီးလောင် အီရန်ရေနံတင်သင်္ဘော နစ်မြုပ်သွားပြီ

လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်က တရုတ်နိုင်ငံကမ်းရိုးတမ်းမှာ မီးလောင်ကျွမ်းပြီး တိမ်းစောင်းနေတဲ့ အီရန် ရေနံတင် သင်္ဘောဟာ တနင်္ဂနွေနေ့မှာ ပေါက်ကွဲပြီး မီးတောက်မီးလျှံတွေ ပန်းထွက်ကာ နစ်မြုပ်သွားပါတယ်။

သင်္ဘောသားတွေရဲ့ ရုပ်အလောင်းတွေ ပြန်ရဖို့ မျှော်လင့်ချက်မရှိဘူးလို့ အီရန်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ Mohammad Rastad က သင်္ဘောနစ်မြုတ်မသွားခင်မှာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ကုန်တင်သင်္ဘော CF Crystal နဲ့ တိုက်မိခဲ့တဲ့ ရေနံတင်သင်္ဘော Sanchi ထံက သင်္ဘောသား အလောင်း သုံးလောင်းကို ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေရရှိခဲ့ပါတယ်။

နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရေစီးနောက်မျောပါနေတဲ့ Sanchi သဘောၤရဲ့ ကုန်းပတ်ပေါ်ကနေ စနေနေ့ မနက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ သင်္ဘောပေါ်မှာ အမှုထမ်း ၃၂ ဦး ရှိပြီး အီရန်လူမျိုး ၃၀ နဲ့ ဘင်္ဂလားဒေ့ရှ် လူမျိုး နှစ်ဦး ဖြစ်ပါတယ်။ သူတို့အထဲက တယောက်လို့ ယူဆရတဲ့ အလောင်းတလောင်းကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ် စောစောပိုင်းမှာ ရှာတွေ့ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဟာ သင်္ဘောသားတွေနေထိုင်ရာ အခန်းတွေဆီသွားဖို့ စနေနေ့က ကြိုးစားခဲ့ကြပေမယ့် အပူချိန်မြင့်လွန်းတာကြောင့် လက်လျှော့ခဲ့ရပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ သင်္ဘောရဲ့ မှတ်တမ်းတင် ကိရိယာကို ရယူနိုင်ခဲ့ပါတယ်။

သင်္ဘော နှစ်စီး ဘာ့ကြောင့်တိုက်မိတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Your browser doesn’t support HTML5

မီးလောင် အီရန်ရေနံတင်သင်္ဘော နစ်မြုပ်သွားပြီ