တားမြစ်တဲ့ကြားက ဆန္ဒပြဖို့ အီရန် အတိုက်အခံတွေ ကြိုးပမ်း

တားမြစ်တဲ့ကြားက ဆန္ဒပြဖို့ အီရန် အတိုက်အခံတွေ ကြိုးပမ်း

အီဂျစ်နဲ့ တူနီးရှားနိုင်ငံတွေမှာ အောင်မြင်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး လူထုအုံကြွမှုတွေကို ထောက်ခံတဲ့ လူထုအစည်းအဝေးပွဲကြီး တရပ်ကို တီဟီရန်မြို့တော်မှာ ဒီကနေ့ ပြုလုပ်ဖို့ အီရန် အတိုက်အခံတွေက လှုပ်ရှား စီစဉ်နေကြပါတယ်။

အီရန် ပြည်ထဲရေး ဝန်ကြီးဌာနကတော့ ဒီ လူထုအစည်းအဝေးပွဲ လုပ်ခွင့် တောင်းခံထားတာကို ငြင်းပယ်လိုက်ပြီး ဒါဟာ အစိုးရကို အကြည်ညိုပျက်စေတဲ့ အဓိကရုဏ်းတွေပဲ ဖြစ်လာလိမ့်မယ်လို့ အစိုးရ အရာရှိတဦးက ပြောပါတယ်။

အီရန်က ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် မက်ဒီ ကာရူဘီ (Mehdi Karroubi) ဟာ ဒီ လူထုအစည်းအဝေးပွဲ လုပ်ခွင့် တောင်းခံတာနဲ့ ဆက်စပ်ပြီး ထိန်းသိမ်းခံထားရပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာတော့ မစ္စတာ ကာရူဘီနဲ့ တခြား အတိုက်အခံခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) တို့ရဲ့ အင်တာနက် ဝက်ဘ်ဆိုက်ဒ်တွေမှာ ဒီကနေ့ လူထု အစည်းအဝေးပွဲကြီးကို ဖြစ်အောင် ပြုလုပ်ဖို့ လှုံ့ဆော်ထားပါတယ်။

အီရန်အစိုးရရဲ့ လူထုအစည်းအဝေးပွဲ လုပ်ခွင့် ငြင်းပယ်ခြင်းဟာ ငြိမ်းချမ်းမှု အရှိဆုံး ယဉ်ယဉ်ကျေးကျေးနဲ့ နိုင်ငံရေးအရ ဆန္ဒပြကြမယ့် လူထုကို အစိုးရက ကြောက်ရွံ့နေတာနဲ့ အစိုးရရဲ့ ပျော့ညံ့ အားနည်းမှုတွေကို ပြသနေခြင်း ဖြစ်တယ်လို့ မစ္စတာ ကာရူဘီရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။