အီရန်သမ္မတဟောင်း Ahmadinejad ရွေးကောက်ပွဲဝင်ဖို့ စာရင်းသွင်း

အီရန်သမ္မတဟောင်း Mahmoud Ahmadinejad

အီရန်နိုင်ငံမှာ လာမယ့် ဇွန် ၂၈ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် သဘောထားတင်းမာသူ သမ္မတဟောင်း Mahmoud Ahmadinejad က ဒီကနေ့ပဲ စာရင်းသွင်းလိုက်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့တဲ့ အီရန်သမ္မတနေရာအတွက် အစားထိုးဖို့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အများကြိုက်ဝါဒီ သမ္မတဟောင်း ဝင်ပြိုင်မှာ ဖြစ်တာကြောင့် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei အတွက် ဖိအားပေးရာရောက်ခဲ့တာပါ။ အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံဥသျှောင် Khamenei ကို Ahmadinejad သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့ဖူးသလို၊ ၂၀၂၁ ခုနှစ် မှာ သမ္မတအဖြစ် ပြန်အရွေးခံဖို့ ကြိုးပမ်းစဉ်ကလည်း အာဏာပိုင်တွေ တားမြစ်တာ ခံခဲ့ရဘူးပါတယ်။

အီရန်ရဲ့ နျူကလီးယားလုပ်ငန်းတွေ အရှိန်မြှင့်လာနေတာ၊ ယူကရိန်းစစ်မှာ ရုရှားကို စစ်လက်နက် ထောက်ပို့နေတာ၊ အတိုက်အခံတွေအပေါ် အပြင်းအထန် နှိမ်နင်းနေတာတွေကြောင့် အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ သဘောထားတင်းမာတဲ့ အီရန်သမ္မတဟောင်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ အပြုသဘော ဆက်ဆံရေးထူထောင်ဖို့ နိုင်ငံအားလုံးနဲ့ စီးပွားရေး ဆက်ဆံမှုတွေ တိုးတက်အောင်လုပ်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း သမ္မတလောင်းအဖြစ် မှတ်ပုံတင်အပြီးမှာပဲ သမ္မတဟောင်း Ahmadinejad ပြောခဲ့ပါတယ်။