အီရတ်မှာ လုံခြုံရေး အထူး သတိပေးချက် ထုတ်ပြန်

အီရတ်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ စစ်ရေး အကူအညီပေးမှုတွေကို လာမယ့် ရက်ပိုင်းအတွင်းမှာ တရားဝင် ရပ်ဆိုင်း ပစ်တော့မယ့် အချိန်မှာပဲ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ကြုံရနိုင်တယ် ဆိုပြီး အီရတ် ဝန်ကြီးချုပ် နိုရီ အယ်လ် မလိခီ (Nouri al-Maliki) က လုံခြုံရေး သတိပေးချက် ထုတ်ပြန်ထားပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရော အရပ်သားတွေပါ သတိအရှိဆုံး ဖြစ်နေကြဖို့ တိုက်တွန်းချက်တခုကို မစ္စတာ မလိခီ က သောကြာနေ့က ထုတ်ပြန်ပါတယ်။

အယ်လ်ခိုင်းဒါး တပ်ဖွဲ့တွေနဲ့ အီရတ် ခေါင်းဆောင်ဟောင်း ဆက်ဒန် ဟူစိန် (Saddam Hussein) ရဲ့ မတရားသင်း ကြေညာခံထားရတဲ့ Baath ပါတီတို့ဟာ နိုင်ငံတလွှား တိုက်ခိုက်မှုတွေ အများအပြား လုပ်ဆောင်ဖို့ အကွက်ချနေကြတယ်လို့ မစ္စတာ မလိခီ က ပြောပါတယ်။

အဲဒီလူတွေကိုလည်း နိုင်ငံခြားက အကူအညီ ပေးနေတယ်လို့လည်း သူက ဆိုပါတယ်။ ဒီအတောအတွင်းမှာပဲ လူ ၅၅ ဦးမက သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေအတွက် သူတို့မှာ တာဝန်ရှိပါကြောင်း အယ်လ်ခိုင်းဒါး က ဝန်ခံပြောကြားသွားပါတယ်။

အီရတ် လုံခြုံရေးတပ်ဖွဲ့ ဌာနချုပ်တွေ၊ စစ်ဆေးရေးဂိတ်တွေ အပါအဝင် နေရာတချို့ကို ပစ်မှတ်ထားပြီး ရမာဒန် (Ramadan) ဥပုသ်လအတွင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ The Islamic State of Iraq ဆိုတဲ့ စစ်သွေးကြွတွေရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ကြေညာချက်တစောင်ကို ထုတ်ပြန်ထားပါတယ်။