အီရတ်နိုင်ငံတွင်း ညီညွတ်တဲ့အစိုးရသစ်တရပ်ကို အီရတ်လွှတ်တော်က အတည်ပြုပေးခဲ့တာဟာ အီရတ်နိုင်ငံအတွက် သမိုင်းမှတ်တိုင်တရပ်ဖြစ်ပြီးတော့ IS အစ္စလာမ်အစွန်းရောက်တွေကို နှိမ်နင်းဖို့ အမေရိကန်ကြိုးပမ်းအားထုတ်မှုတွေအတွက်လည်း အရေးပါမှုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ်သစ် Haider al-Abadi ဦးဆောင်တဲ့ အစိုးရသစ်ဟာ အီရတ်နိုင်ငံတွင်းက မတူကွဲပြားတဲ့လူမှုအသိုင်းအဝိုင်းတွေကို တပေါင်းတစည်းတည်း ဖြစ်အောင်လုပ်ပြီး အီရတ်ပြည်သူတွေဆန္ဒရှိတဲ့ အနာဂတ်ကို တည်ဆောက်နိုင်စွမ်းရှိတယ်လို့ မစ္စတာကယ်ရီက ပြောလိုက်ပါတယ်။ အီရတ်နိုင်ငံတွင်း IS အစွန်းရောက်မူဆလင်တွေကို နှိမ်နင်းဖို့ရာ ရှိရတ်၊ ဆူနီ၊ ကာ့ဒ်တို့အားလုံးပါဝင်တဲ့ ညီညွတ်တဲ့အစိုးရတရပ် မဖြစ်မနေလိုအပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုထားတာပါ။
IS အဖွဲ့ဟာဆို အီရတ်မြောက်ပိုင်းနဲ့ ဆီရီးယားနိုင်ငံနေရာအတော်များများကို သိမ်းယူထားပြီး အီရတ်မြို့တော် ဘဂ္ဂဒက်ကိုပါ ခြိမ်းခြောက်နေပါတယ်။ အီရတ်အစိုးရသစ် ဝန်ကြီးချုပ် Abadi ကို သမ္မတအိုဘားမားကလည်း နှုတ်ခွန်းဆက် ဂုဏ်ပြုစကား ဖုံးကတဆင့် ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
အီရတ်ပြည်သူအားလုံးရဲ့ မကျေနပ်မှုတွေ၊ လိုလားချက်တွေကို အစိုးရသစ်အနေနဲ့ ဖြေရှင်းသွားဖို့အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြပါတယ်။