မြန်မာတနိုင်ငံလုံး အဓိက အားထားနေရတဲ့ ဧရာဝတီမြစ်ကြီး တိမ်ကောမသွားစေရေး၊ ထာဝရ ရှင်သန်ရေးဟာ မြန်မာတမျိုးသားလုံးအရေး ဖြစ်တာမို့ ဝိုင်းဝန်းကာကွယ်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းဖြစ်တဲ့ ဧရာဝတီမြစ်ကြီး ရှင်သန်ရေးအတွက် လက်ရှိ လုပ်ဆောင်နေတဲ့ မြစ်ဆုံစီမံကိန်း အပါအဝင် တခြား ဆည်တည်ဆောက်ရေးတွေကိုလည်း ချက်ချင်း ရပ်ဆိုင်းပေးဖို့ ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ လူထုတရပ်လုံးရဲ့ လူမှုစီးပွား မှီခိုအားထားရာ အသက်သွေးကြော ဖြစ်သလို မြန်မာ့သမိုင်းနဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ဖြစ်တာမို့ ဒါတွေ မပျက်စီးစေဖို့အတွက် ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီး လက်ရှိ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ချက်ချင်း ရပ်ဆိုင်းထားဖို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က တောင်းဆိုလိုက်တယ်လို့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။
“ဒီဧရာဝတီမြစ်ကြီးဟာ မြန်မာ့သမိုင်း ဖြစ်တယ်၊ မြန်မာ့ယဉ်ကျေးမှု ဖြစ်တယ်၊ မြန်မာပြည်သူ ပြည်သားတွေရဲ့ လူမှုစီးပွား ဘဝတွေကို သယ်ဆောင်တယ်။ တနည်းအားဖြင့် ဧရာဝတီမြစ်ရဲ့ ရှင်သန်မှုက ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ရှင်သန်မှုပါပဲ။ တကယ်လို့သာ ဧရာဝတီမြစ်ကြီးကို အခုအတိုင်း ဆက်ပြီး သွားနေဦးမယ်ဆိုရင် ဧရာဝတီမြစ်ကြီးဟာ မကြာခင်မှာပဲ တိမ်ကော ပျောက်ကွယ်သွားနိုင်ပါတယ်။ ဧရာဝတီမြစ် တိမ်ကောသွားသည်နှင့်အမျှ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ နေ့စဉ်ဘဝတွေ၊ ကူးသန်းရောင်းဝယ်ရေးတွေ၊ သွားရေးလာရေးတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ အကုန်လုံး ထိခိုက်ကုန်မယ်။
“နောက် ရေမြေသတ္တဝါတွေ၊ ဇီဝမျိုးစိတ်တွေ အကုန်လုံး ပျက်စီးကုန်မယ်။ ဒီမြစ်ကြီးသာ ပျောက်သွားမယ်ဆိုရင် ကျနော်တို့ တိုင်းသူ ပြည်သားတွေရဲ့ ဘဝဟာ လုံးဝကို မတွေးဝံ့စရာပဲ။ ဒါကြောင့် ဒီအခြေအနေမျိုးကို မရောက်အောင် တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ပြီးတော့ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဆည်စီမံကိန်းတွေကို ရပ်တန့်ပြီးတော့၊ ပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီးတော့ တိုင်းပြည်ကို ရိုးရိုးရှင်းရှင်း၊ ပွင့်ပွင့်လင်းလင်း အသိပေး ထုတ်ပြန်ဖို့ လိုပါတယ်။”
မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တဲ့အပြင် အာရှတိုက် အတွက်ပါ အရေးပါတဲ့ ဧရာဝတီမြစ်ကြီးဟာ အခုအခါမှာ စီးပွားရေးသမားတွေရဲ့ စည်းကမ်းမဲ့ ရွှေတူးဖော်မှုတွေကြောင့် ညစ်ညမ်းပြီး အလွန်အကျွံ သစ်ခုတ်မှုတွေ၊ မြစ်လက်တက်တွေမှာ ဆည်တည်ဆောက်မှုတွေကြောင့် သောင်ထွန်းပြီး အခြေအနေ အလွန်အမင်း ဆိုးဝါးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ရဲ့ မိခင် ဧရာဝတီမြစ်ကြီးရဲ့ ကျန်းမာရေး အခြေအနေက အတော့်ကို စိုးရိမ်စရာ အခြေအနေ ရောက်နေပြီဗျ။ ကျနော်တို့ ပြည်သူပြည်သားတွေ ကိုယ်တိုင် တွေ့မြင်နေရတာပါ။ ဥပမာ စစ်ကိုင်းတံတားနားမှာ သောင်ပြင်တွေဟာ နဂိုကထက်ကို ပိုပြီးတော့ တနှစ်ထက်တနှစ် ဆိုးဆိုးရွားရွား ကျယ်ပြန့်လာတယ်။ ပြည်မြို့နားမှာ ဆိုရင်လည်း ဧရာဝတီမြစ်ထဲက သဲသောင်ပြင်ကြီးပေါ်မှာ နွေရာသီမှာဆိုရင် စားသောက်ဆိုင်တွေ ဖွင့်ကြ၊ အပန်းဖြေစခန်းတွေ ဖွင့်ကြတဲ့ အခြေအနေမျိုးထိအောင် ရောက်နေပြီ။
“နောက် မန္တလေးနဲ့ ဗန်းမော်ကြားဆိုလည်း နွေရာသီဆိုရင် ဗန်းမော်ဆိပ်ကမ်းကို သင်္ဘောတွေက ကပ်လို့မရဘူး။ ရေထုညစ်ညမ်းမှုတွေ၊ ကမ်းပါးပြိုမှုတွေကလည်း ဆက်တိုက်ကို ဖြစ်နေတယ်။ ဧရာဝတီမြစ်ရဲ့ အခြေအနေက အဲဒီလောက်ကို ဆိုးနေတယ်။”
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ EIA အစီရင်ခံစာတွေအရ မြစ်ဆုံဆည် တည်ဆောက်မှုကို ဆက်ပြီး မလုပ်သင့်သလို လက်တွေ့ မြင်နေရတဲ့ ဒီလို အခြေအနေ ဆိုးနေတဲ့ ဧရာဝတီမြစ်အတွက် ပိုပြီး ဆိုးဝါးစေမယ့်၊ မြစ်ကြောင်း ပိတ်ဆို့စေတဲ့ ဆည်တည်ဆောက်မှုတွေကို မလုပ်သင့်ဘူးလို့လည်း ပြောပါတယ်။
ဒါ့အပြင် အမိမြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးအတွက် ရဟန်းသံဃာ၊ ကျောင်းသားနဲ့ ပြည်သူအပြင် ရဲနဲ့ တပ်မတော်သားတွေသာ မက တတ်သိပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အင်အားစု အသီးသီးက အမျိုးသားရေးအသွင်နဲ့ ပါဝင်ကြဖို့လည်း နှိုးဆော်လိုက်ပါတယ်။
“ဧရာဝတီရဲ့ ကံကြမ္မာက ကျနော်တို့ ပြည်သူပြည်သားတွေ တိုင်းပြည်ရဲ့ ကံကြမ္မာပါပဲ။ အဲတော့ သားစဉ်မြေးဆက်ရဲ့ အနာဂတ်အတွက် ကျနော်တို့ဟာ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေလို့ မရတော့ဘူးဗျ။ ကိုယ့်ကံကြမ္မာ အတွက်ကို အားလုံးက သိုက်သိုက်ဝန်းဝန်းနဲ့ ဝိုင်းဝန်းလက်တွဲပြီး ဧရာဝတီမြစ်ကြီး ထာဝရ ရှင်သန် စီးဆင်းနိုင်စေရေး အတွက်ကို တောင်းဆိုမှုတွေ၊ အရေးဆိုမှုတွေ၊ လှုပ်ရှားမှုတွေကို အမျိုးသားရေး တာဝန်တရပ် အနေနဲ့ ဝိုင်းဝန်း ဆင်နွှဲကြဖို့ လိုနေပြီလို့ ကျနော်တို့ ပြောချင်တာပါ။”
ဒါ့အပြင် ဒီရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေနဲ့ စနစ်တကျ ဖွဲ့စည်း တိုင်ပင်ပြီး သုတေသနပြု ဆန်းစစ်ချက်တွေကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း အသိပေးပြီး သဘောထားဆန္ဒ ခံယူဖို့လည်း အစိုးရသစ်အဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။