Assyria ခရစ်ယာန်ကျေးရွာတွေက လူ ၉၀ ကျော် IS ဖမ်းဆီး

IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းဒေသက Assyrian ခရစ်ယာန် ရွာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံအဖြစ် လူပေါင်း ၉၀ ထက်မနဲကို ဖမ်းဆီးသွားခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စစ်သွေးကြွတွေဟာ Tal Shamiram အပြင် Hassakeh ခရိုင်ထဲက တခြား Assyrian ရွာတွေကို ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ဓားစာခံတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆီးရီးယားနိုင်ငံက အကြမ်းဘက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အဲဒီဒေသမှာ ကဒ် တိုက်ခိုက်ရေးသမားတွေနဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကြား မနေ့တုန်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို ပြန်ပေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကဒ်တွေက တနင်္ဂနွေနေ့တုန်းက အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ အီရတ်နယ်နမိတ်နားမှာ စစ်သွေးကြွတွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

Hassakeh ဒေသမှာ တနင်္ဂနွေနေ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင်း IS စစ်သွေးကြွတွေရဲ့ မဟာဗျူဟာကျတဲ့ နေရာတွေ၊ ယာဉ်တွေနဲ့ ပုန်းခိုကျင်းတွေကို ထိမှန်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။

ကဒ်တိုက်ခိုက်ရေးသမားတွေကတော့ မြောက်ပိုင်း ဆီးရီးယားဒေသ နေရာအများအပြားမှာ မြေပြင်ထိုးစစ်တွေကို ဦးဆောင်တိုက်ခိုက်နေတာပါ။ လေကြောင်းအကူအညီနဲ့ပဲ ပြီးခဲ့တဲ့လတုန်းက IS စစ်သွေးကြွတွေ သိမ်းယူထားတဲ့ ကိုဘာနီမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယား၊ အီရတ်နဲ့ လစ်ဗျားနိုင်ငံတွေမှာ လူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေ ပုံမှန် လုပ်ဆောင်နေတာဖြစ်ပြီး တချို့ဖမ်းထားသူတွေကိုတော့ သတ်ဖြတ်ပစ်ခဲ့ပါတယ်။