လေကြောင်း တိုက်ခိုက်မှုကြောင့် IS ထိပ်တန်း ခေါင်းဆောင် ၃ ဦး သေဆုံး

ဆီးရီးယားက IS တွေကို U.S. Air Force ရဲ့ လေကြောင်း တိုက်ခိုက်မှု။

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ IS အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ တခြား ထိပ်တန်းခေါင်းဆောင် ၂ ဦး သေဆုံး သွားတယ်လို့ အမေရိကန် စစ်တပ်ကပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း IS အဖွဲ့ရဲ့ ဘဏ္ဍာရေး ဝန်ကြီး Abu Salah ၊ အဖွဲ့အတွက် ခြိမ်းခြောက် ငွေညှစ်တဲ့ အလုပ်တွေကို တာဝန်ယူ စီစဉ်ဆောင်ရွက်သူ ထိပ်တန်းခေါင်းဆောင်တဦးနဲ့ အလုပ်အမှုဆောင် တာဝန်ယူထားတဲ့ တခြားထိပ်ပိုင်း ခေါင်းဆောင် တဦးတို့ သေဆုံးသွားခဲ့ကြောင်း အမေရိကန် စစ်ဖက်ဆိုင်ရာ ပြောခွင့်ရသူ Steve Warren က ကြာသာပတေးနေ့မှာ ပြောဆိုပါတယ်။

Salah ဟာ IS အဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင်တွေထဲမှာ တဦး အပါဝင်ဖြစ်တယ်လို့ Warren ကပြောပါတယ်။ သူသေဆုံးသွားတဲ့ အတွက် အဖွဲ့ အတွင်း ငွေရေးကြေးရေး စီမံ ခန့်ခွဲတဲ့နေရာမှာ အခက်ကြုံနိုင်တယ်လို့ ပြောပါတယ်။

ညွန့်ပေါင်းတပ်ဖွဲ့တွေက အီရတ်နိုင်ငံ Ramadi မြို့တော်ကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့ရာမှာ IS အဖွဲ့ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် ၃၅၀ သေဆုံးခဲ့တယ်လို့ Warren က ပြောပါတယ်။ IS စစ်သွေးကြွတွေဟာ Ramdi မြို့ကို အခုနှစ် စောစော ပိုင်းမှာ သိမ်းပိုက်ခဲ့တာပါ။ ဒါပေမဲ့ အီရတ် အစိုးရ တပ်ဖွဲ့တွေက တချို့ နေရာတွေ ကို ပြန်ပြီး သိမ်းပိုက်နိုင် ခဲ့တယ် လို့ အီရတ် တာဝန်ရှိသူတွေက အခုသီတင်းပတ် အတွင်း ပြောခဲ့ ပါတယ်။