IS လက်ထဲက အမေရိကန် ဓားစာခံအမျိုးသမီး ကံကြမ္မာ

ဂျော်ဒန်လေကြောင်းစစ်ဆင်ရေး စတင် (ဖေဖော်ဝါရီ-၄ ၂၀၁၅)

ဂျော်ဒန်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဓါးစာခံအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ကူညီရေးလုပ်သား အမေရိကန် အမျိုးသမီး တဦး သေဆုံးခဲ့ရတယ်လို့ စစ်သွေးကြွတွေရဲ့ ပြောကြားချက်ကို အတည် မပြုနိုင်သေးဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး အထူးစိတ်ပူနေပေမယ့် IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ပြောကြားတဲ့ အချက်အတွက် သက်သေ အထောက် အထား ဘာတခုမှ အခုထိ မတွေ့ရသေးဘူးလို့ အမျိုးသား လုံခြုံရေး ကောင်စီ NSC ပြောခွင့်ရအမျိုးသမီး Bernadette Meehan က ပြောပါတယ်။

ဂျော်ဒန်အရာရှိတွေကတော့ ဒါဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရာဇဝတ်မှု ဆိုင်ရာ ဝါဒဖြန့်တာလို့ ပြောကြားလိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Nasser Judehကတော့ ဒါဟာ အကြမ်းဖက်သမားတွေ အရင်ကတည်းက သုံးနေကျ ဝါဒဖြန့်မှု တခုဖြစ်ပြီး ဓါးစာခံ ဖမ်းထားသူတွေ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေကုန်ပြီ လို့ သူတို့ပြောတာဟာ ဆယ်စုနှစ်နဲ့ ချီ ရှိနေပြီလို့ သူ့ရဲ့ တွစ်တာ Twitter စာမျက်နှာမှာ ရေးပါတယ်။

ဂျော်ဒန်နိင်ငံက ဆီးရီးယားမှာ ဒီဇင်ဘာလတုန်းက အဖမ်းခံခဲ့ရတဲ့ သူတို့ရဲ့ တိုက်လေယာဉ်မှူ းကို IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ရက်ရက် စက်စက် သတ်ပစ်တဲ့ ဗီဒီယိုကို သူတို့ ထုတ်ပြန်တုန်းကလည်း ဒီလေယာဉ်မှူး ဟာ အရင်ကတည်းက အသတ်ခံ ခဲ့ရပြီးသား ဖြစ်နေတယ် လို့ ဂျော်ဒန်အာဏာပိုင်တွေက ပြောပါတယ်။

အခုသေဆုံးသွားတယ်လို့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ကြေညာခဲ့သူ အမေရိကန် ကူညီရေးလုပ်သားဟာ Arizona ပြည်နယ် Prescott က Kayla Mueller ဖြစ်ပါတယ်။ Kayla ဟာ ဆီးရီးယားမှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အနောက်ဖက်ကမ်းဒေသနဲ့ အိန္ဒိယ နိုင်ငံတွေက ကူညီရေး အဖွဲ့တွေမှာ စေတနာလုပ်အားပေးသူ ဖြစ်ပါတယ်။ Kayla ကို စစ်သွေးကြွတွေက ၂၀၁၃ ခုနှစ်မှာ Allepo က ဆေးရုံကနေ အပြန်မှာ ဖမ်းဆီးခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။