IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်က Kobani မြို့အနီး ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အကျိုးရှိတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။
အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက မြို့ကို ဝိုင်းရံတိုက်ခိုက်နေတဲ့ အစွန်းရောက် စစ်သွေးကြွတွေအပေါ် တိုက်ခိုက်နေတာကို ကူညီပံ့ပိုးပေးတာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Jen Psaki ကပြောပါတယ်။
ဒီအတောအတွင်း တူရကီနိုင်ငံ မြို့တော် အန်ကာရာမှာရှိတဲ့ ခေတ်လူမျိုး တိုက်ခိုက်ရေးသမားတွေကို ထောက်ခံ ဆန္ဒပြကြသူတွေက ပြင်သစ်နိုင်ငံကို အထောက်အကူတွေပေးဖို့ တောင်းဆိုနေကြပါတယ်။
ခေတ်တိုက်ခိုက်ရေးသမားတွေက Kobani မြို့ကို သီတင်းသုံးပတ်ကြာ ခုခံကာကွယ် တိုက်ခိုက် နေခဲ့ပေမဲ့ မြို့ဟာ IS စစ်သွေးကြွတွေလက်ကို ကျလုကျခင် အခြေအနေကို ရောက်နေပြီလို့ တူရကီ သမ္မတက အင်္ဂါနေ့မှာ ပြောပါတယ်။
မြေပြင်တပ်တွေနဲ့ တန်ပြန်မခုခံဘူးဆိုရင် အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ တူရကီနယ်စပ်တလျှောက်ကို ထိန်းချုပ်သွားနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ သံတမန်အသစ်ဖြစ်တဲ့ Staffan de Mistura ကလည်း နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ အခိုင်အမာ တုံ့ပြန်ဆောင်ရွက်မှုကို ချက်ချင်း လုပ်ဆောင်သင့်ပြီလို့ ပြောဆိုနေပါတယ်။