လက်ဘနွန်တောင်ပိုင်း အစ္စရေးလေကြောင်းက အပြင်းအထန်တိုက်ခိုက်

အစ္စရေး လေကြောင်းတိုက်ခိုက်မှုခံရတဲ့ လက်ဘနွန်နိုင်ငံတောင်ပိုင်းဒေသ

Hezbollah အဖွဲ့ကို လက်ဦးမှုယူ တိုက်ခိုက်မှုအဖြစ် အစ္စရေးက ပြောဆိုလိုက်ပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ဒီကနေ့ အစောပိုင်း လေကြောင်းက အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။ Hezbollah စစ်သွေးကြွတွေကတော့ ပြီးခဲ့တဲ့လထဲ ဘေရွတ်မြို့တော်မှာ ထိပ်တန်းတပ်မှူးတယောက် အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ ရော့ကဒ်တွေ၊ ဒရုန်းတွေ ပစ်ခတ်ခဲ့ကြောင်း ပြောဆိုခဲ့တာပါ။

အမေရိကန်၊ အီရန်နဲ့ ဒေသတွင်းက ထောက်ခံသူ စစ်သွေးကြွတွေ ပါဝင်လာပြီး စစ်ပွဲကျယ်ပြန့်လာမှာ စိုးရိမ်နေချိန်မှာပဲ အပြန်အလှန် တိုက်ခိုက်မှုတွေ အပြင်းအထန် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ Hezbollah အဖွဲ့က ရော့ကဒ်တွေ၊ မစ်ဇိုင်းဒုံးတွေနဲ့ အပြင်းအထန် ပစ်ခတ်ဖို့ စီစဉ်နေတာကြောင့် လက်ဦးမှုယူ တိုက်ခိုက်တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုထားတာပါ။

အစ္စရေးက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြောဆိုလိုက်ပြီး မကြာခင်မှာပဲ Hezbollah အဖွဲ့ထူထောင်သူ တဦးဖြစ်တဲ့ Fouad Shukur အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အပေါ် ကနဦးလက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ နေ့လည်ပိုင်းမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းခဲ့ပြီး သေကျေထိခိုက်မှု အနည်းအကျဉ်းသာ ရှိခဲ့ပေမဲ့ တင်းမာမှုတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။