Tel Aviv မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံး

အစ္စရေးလ်မြို့တော်ရှိ အစ္စရေးလ် ကာကွယ်ရေးဝန်ကြီးဌာနအနီး ဈေးတဈေးမှာ ဈေးဝယ်သူတွေနဲ့ စားသောက်ဆိုင်ရှိ လူတွေကို ပါလက်စတိုင်း သေနတ်သမား ၂ ဦးက ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်ခဲ့တဲ့အတွက် လူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားပါတယ်။

ဒါဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အစ္စရေးလ်ရဲတပ်ဖွဲ့က ပြောဆိုပြီး၊ သေနတ်သမားတွေဟာ မောင်းပြန်သေနတ်တွေ အသုံးပြုခဲ့တယ်လို့လည်း ပြောပါတယ်။

ပစ်ခတ်သူ ၂ ဦးလုံးကို ဖမ်းဆီးထားပြီးပြီလို့လည်း အစ္စရေးလ်ရဲတွေက ပြောပါတယ်။ သေနတ်သမား ၁ ဦးဟာ သေနတ်ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင်ထားရပါတယ်။ သေနတ်သမားနှစ်ဦးဟာ အနောက်ဘက်ကမ်းဒေသ Hebron မြို့က ညီအစ်ကို ဝမ်းကွဲနှစ်ဦးဖြစ်ကြောင်း တွေ့ရပါတယ်လို့ ရဲက ပြောပါတယ်။

မော်စကိုခရီးစဉ်ကနေ အစ္စရေးလ်ကို ပြန်ရောက်လာတဲ့ ဝန်ကြီးချုပ် Benjamin Netanyahu က ကာကွယ်ရေးဝန်ကြီးအသစ် Avigdor Liberman အပါအဝင် လုံခြုံရေး အကြီးအကဲတွေကို ချက်ခြင်း အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း အပြစ်မဲ့တဲ့ အရပ်သားတွေအပေါ် သူရဲဘောဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတရပ်ဖြစ်တယ်လို့ ပြင်းထန်စွာ သုံးနှုန်းပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Your browser doesn’t support HTML5

Tel Aviv မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံး