ဟက်ဇ်ဘိုလာ နဲ့ အပစ်ရပ်ရေး ညှိုနှိုင်းနေတာ လက်စ မသတ်ရသေးပေမဲ့ ခရီးပေါက်နေပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး Danny Danon က ဗွီအိုအေကို တနင်္လာနေ့က ပြောပါတယ်။ ဘယ်သဘောတူညီချက် အောက်မှာမဆို လက်ဘနွန်တောင်ပိုင်းကို အစ္စရေး က တိုက်ခိုက်နိုင်စွမ်း ဆက်လက်ထိန်းထားမယ် လို့ သူက ဆိုပါတယ်။
အပစ်ရပ်ရေး သဘောတူညီချက် ဆွေးနွေးဖို့ အစ္စရေး အစိုးရ အဖွဲ့ အစည်းအဝေးကို တနင်္လာ ဒါမှမဟုတ် အင်္ဂါမှာ ခေါ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမတိုင်မီမှာ Danon က ပြောပါတယ်။ အနာဂတ်မှာ လက်ဘနွန်တောင်ပိုင်းကို လက်ဘနွန် စစ်တပ်က ထိန်းနိုင်မယ်လို့ သူမျှော်လင့်ကြောင်း၊ မထိန်းနိုင်ရင်တော့ အစ္စရေး က ဝင်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီ အချိန်မှာပဲ အမေရိကန် အဆိုပြု အပစ်ရပ်ရေး အကောင်အထည် ဖော်ဖို့ အတားအဆီး မရှိပါဘူး လို့ လက်ဘနွန် လွှတ်တော် ဒုတိယ ဥက္ကဌ Elias Bou Saab က ပြောပါတယ်။ ဒီ အဆိုပြုချက်အရ၊ အစ္စရေးတပ်တွေ လက်ဘနွန်တောင်ပိုင်း က ဆုတ်ရမှာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း လက်ဘနွန် စစ်တပ်ကို ချထားရမှာ ဖြစ်ပါတယ်။
အမေရိကန် က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြင်သစ် နဲ့ အခြား သုံးနိုင်ငံ ပါဝင်တဲ့ ငါးနိုင်ငံ ကော်မတီက သဘောတူညီချက် အကောင်အထည်ဖော်တာကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5