အီရန်နိုင်ငံကို စနေနေ့ညက တိုက်ခိုက်မှုတွေမှာ စစ်ရေးရည်မှန်းချက်တွေအတိုင်း အောင်မြင်မှုရခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
“နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အရ အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို အတိအကျချိန်ရွယ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။” လို့ အစ္စရေးစစ်တပ် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က သတင်းထောက်တွေကို ပြောခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်အတွင်း အစ္စရေးကို တိုက်ခိုက်ရာမှာ အီရန်က အသုံးပြုတဲ့ မစ်ဇိုင်းဒုံး ထုတ်လုပ်တဲ့ နေရာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။
တချိန်တည်းမှာပဲ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးတွေကို တိုက်ခိုက်ခဲ့ပြီး၊ အီရန်ရဲ့ လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းကို လျှော့ချနိုင်ခဲ့တာကြောင့် အစ္စရေးအနေနဲ့ အခုအခါ လေကြောင်း စစ်ဆင်ရေးတွေ လွတ်လွတ်လပ်လပ် ပိုလုပ်နိုင်ပြီလို့လည်း ပြောပါတယ်။ အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကတော့ Tehran မြို့တော်နဲ့ နိုင်ငံအနောက်ပိုင်း Khuzestan နဲ့ Ilam ပြည်နယ်တွေက စစ်စခန်းတွေကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း လေကြောင်းရန် ကာကွယ်ရေးဌာနကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။
အီရန်တပ်ဖွဲ့တွေက တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ဟန့်တားနိုင်ခဲ့ပြီး၊ အကန့်အသတ်လောက်သာ ထိခိုက်မှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကတော့ တိုက်ခိုက်မှုကို ပုံကြီးချဲ့တာမျိုး၊ လျှော့လျှော့ပေါ့ပေါ့ ပြောတာမျိုး မလုပ်ဖို့ ဒီကနေ့ပဲ ပြောဆိုလိုက်ပေမဲ့၊ လက်တုံ့ပြန်ဖို့ ပြောဆိုတာတော့ မရှိခဲ့ပါဘူး။
သုံးသပ်သူတွေကတော့ အစ္စရေး အကန့်အသတ်နဲ့ တိုက်ခိုက်မှုကြောင့် အီရန်အနေနဲ့ ပဋိပက္ခကြီးထွားလာစေမယ့် အပြောအဆိုတွေကို ရှောင်ရှားနိုင်ခဲ့တာလို့ ခန့်မှန်းကြပါတယ်။