ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးလ်တောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ဒုတိယနေ့မြောက်အဖြစ် ဒီကနေ့ ဆက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးလ်က အီဂျစ်နဲ့နယ်စပ် ဂါဇာကမ်းမြှောင်တောင်ပိုင်းမှာ စစ်သွေးကြွအုပ်စုတစ်စုကို လေကြောင်းက တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အစ္စရေးလ်ဘက်ကို ဒုံးကျည်နဲ့ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ စစ်သွေးကြွအုပ်စုကို ပစ်ခတ်နိုင်ခဲ့တာလို့ အစ္စရေးလ်က ဆိုပါတယ်။
ဒီကနေ့မနက်အစောပိုင်း စစ်သွေးကြွတွေက အစ္စရေးလ်ဘက်ကို ဒုံးကျည် ၁၀ စင်းလောက် ပစ်ခတ်ခဲ့ပြီးတော့ ဂါဇာကမ်းမြှောင်ကနေ ၂၄ မိုင်အတွင်း အစ္စရေးလ်ဘက်က ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။
မနေ့က စနေနေ့ကတော့ အစ္စရေးလ်စစ်လေယာဉ်တွေရဲ့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ဂါဇာက အစ္စလာမ်မစ်ဂျီဟပ် စစ်သွေးကြွ ၉ ဦး သေဆုံးသွားခဲ့ရပါတယ်။ စနေနေ့မှာ စစ်သွေးကြွတွေက ဒုံးကျည် အလုံး ၂၀ လောက်နဲ့ အစ္စရေးလ်ဘက်ကို ပစ်ခတ်ခဲ့လို့ အစ္စရေးလ်အရပ်သားတစ်ဦး သေဆုံးပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။