ဂျူးအိမ်ယာ ပြန်ဆောက်ရင် ပါလက်စတိုင်းတို့ ဆက် ဆွေးနွေးမှာမဟုတ်

ဂျူးအိမ်ယာ ပြန်ဆောက်ရင် ပါလက်စတိုင်းတို့ ဆက် ဆွေးနွေးမှာမဟုတ်

ဂျူးအိမ်ယာ ပြန်ဆောက်ရင် ပါလက်စတိုင်းတို့ ဆက် ဆွေးနွေးမှာမဟုတ်

အရှေ့အလယ်ပိုင်းဒေသ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းက အစ္စရေးလ် သိမ်းပိုက်ထားတဲ့ မြေပေါ်မှာ ဂျူး အခြေချအိမ်ယာ ဆောက်လုပ်မှု တွေကို အစ္စရေးတို့ဘက်က မရပ်သရွေ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ပါလက်စတိုင်းခေါင်းဆောင်တွေက ပြောလိုက်ပါ တယ်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ထိပ်တန်းတာဝန်ရှိသူတွေ၊ Fatah လှုပ်ရှားမှု အဖွဲ့ဝင်တွေနဲ့ ပါလက်စတိုင်းသမ္မတ မာ့ခ်မုဒ် အဘာ့စ် (Mahmoud Abbas) တို့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက်မှာ ခုလို တရားဝင်ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ အဟန့်အတားဖြစ်အောင် အစ္စရေးလ်ဘက်ကလုပ်တာလို့ ပါလက်စတိုင်းခေါင်းဆောင်တွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်လုပ်သွားဖို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နေတန် ယာဟု (Benjamin Netanyahu) က မစ္စတာ အဘာ့စ်ကို တုန့်ပြန် တိုက်တွန်းပါတယ်။

သိမ်းပိုက် နယ်မြေတွေပေါ်မှာ ဂျူးနေအိမ်သစ်တွေဆောက်လုပ်မှုကို ၁၀ လကြာ ရပ်ဆိုင်းထားချိန်ကျော်သွားလို့ အခု ဆောက်လုပ်ရေးတွေ ပြန်စနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်မသွားအောင် ဆောက်လုပ်ရေးတွေကို ထပ်ဆိုင်းထားဖို့ နိုင်ငံတကာက ပြောနေချိန်မှာပဲ ဆက်လက် တည်ဆောက်ခွင့်ပေးထားဖို့ သူ့ ညွန့်ပေါင်းအစိုးရရဲ့ဖိအားပေးမှုကို ဝန်ကြီးချုပ် နေတန်ယာဟု ခံနေရပါတယ်။

ဂျူးနေအိမ်သစ်တွေ ဆောက်လုပ်မှုရပ်ဆိုင်းထားရေး နားလည်မှုဟာ ငြိမ်ချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ဆောင်ချက်တခုအနေနဲ့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ အစ္စရေးလ်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ ညှိနှိုင်းဆွေးနွေးရေး စားပွဲပေါ်မှာ ပဲ ဆောက်လုပ်ရေးအပေါ် သဘောမတူတာကို တင်ပြ ဆွေးနွေးသင့်တယ်လို့ သူကပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့ဆက်နိုင်ရေးမှာ အဓိက အတားအဆီးဖြစ်နေတဲ့ ဂျူး အခြေချအိမ်ယာတွေ ဆက်လက် ဆောက်လုပ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျော့ဂျ် မစ်ချဲလ် (George Mitchell) ကို ပါလက်စတိုင်း ခေါင်းဆောင် မစ္စတာအဘာ့စ်ရော၊ အစ္စရေးလ်ဝန်ကြီးချုပ် မစ္စတာ နေတန်ယာဟုတို့ပါ သောကြာနေ့က သီးခြားစီတွေ့ဆုံခဲ့ကြပေမဲ့ ထူးခြားတဲ့ရလာဒ် ဘာမှ မရခဲ့ပါဘူး။