အစ္စရေးလ် ပါလက်စတိုင်းကြား အပစ်ရပ်သဘောတူညီမှု အသစ်ရ

Hamas စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ဂါဇာဒေသမှာ အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲထားဖို့ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ သဘောတူခဲ့ကြပါတယ်။ ၂ ဘက်ကြား ရက်ပေါင်း ၅၀ လောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးနောက်မှာ အခုလို သဘောတူခဲ့ကြတာပါ။

အင်္ဂါနေ့ ဒေသစံတော်ချိန်ည ၇ နာရီမှာ အပစ်အခတ်ရပ်စဲမှု စတင် အသက်ဝင်ခဲ့ပါတယ်။ အခုလို အပစ်အခတ်ရပ်စဲမှုကြောင့် ပါလက်စတိုင်းတို့ ဂါဇာဒေသ လမ်းတွေပေါ်ထွက် အောင်ပွဲခံခဲ့ကြပြီး တချို့က ပျော်ရွှင်တဲ့အထိမ်းအမှတ်နဲ့ သေနတ်တွေကို မိုးပေါ်ထောင်ပစ်ခဲ့ကြပါတယ်။

Mideast Israel Palestinians

အီဂျစ်တို့ကြားဝင် ညှိနှိုင်းပေးတဲ့ သဘောတူညီမှုအရ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ပေးနိုင်အောင် အစ္စရေးလ်တို့ရဲ့ ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးမှာဖြစ်ပြီး ဂါဇာကမ်းလွန် ငါးဖမ်းနိုင်တဲ့ဇုံကို တိုးပေးမှာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရဖို့အတွက် အစ္စရေးလ် ပါလက်စတိုင်း ၂ ဘက်လုံးက အငြင်းပွားစရာ ကိစ္စတွေအတွက် တလအတွင်း ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတာပါ။ Hamas အဖွဲ့ လက်နက်ဖြုတ်ဖို့ အစ္စရေးလ်တို့ တောင်းဆိုနေတဲ့ကိစ္စ၊ နေရာတော်တော်များများအထိ အစ္စရေးလ်တို့ရဲ့ ပိတ်ဆို့ထားမှုတွေကို အဆုံးသပ်ပေးဖို့နဲ့ သင်္ဘောဆိပ်တွေ၊ လေယာဉ်ကွင်းတွေ ပြန်ဖွင့်ပေးဖို့ ပါလက်စတိုင်းတို့ တောင်းဆိုနေတဲ့ ကိစ္စတွေကို ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

အခုလို အပစ်အခတ် ရပ်စဲနိုင်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုကလည်း ခိုင်ခိုင်မာမာ ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့က စတင်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားအများစုဖြစ်တဲ့ ပါလက်စတိုင်း ၂၁၀၀ ကျော်သေဆုံးခဲ့သလို၊ အစ္စရေးလ်ဘက်ကလည်း ၆၉ ယောက် သေဆုံးခဲ့ပြီး၊ ၅ ယောက်ကလွဲလို့ စစ်သားတွေ ဖြစ်ကြပါတယ်။