ဂါဇာဒေသမှာ အစ္စရေးဓားစာခံ ၆ ဦး သေဆုံး

ဟာမတ်စ်တွေ ဖမ်းဆီးသွားတဲ့ ဂါဇာဒေသမှာ သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ ၆ ဦး

ဟာမတ်စ်တွေ ဖမ်းဆီးသွားတဲ့ ဓားစာခံတွေထဲက ဂါဇာဒေသမှာ သေဆုံးသူ ၆ ဦးရဲ့ အလောင်းတွေကို ပြန်လည်ရယူခဲ့ကြောင်း အစ္စရေးက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ သေဆုံးသူ အလောင်းတွေထဲမှာတော့ မိဘတွေက နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမြန်ဆုံးပြန်လွတ်အောင် ဖိအားပေးခဲ့တဲ့ အစ္စရေး-အမေရိကန် လူငယ်လည်း ပါဝင်ခဲ့တာပါ။

အစ္စရေးတပ်ဖွဲ့တွေ မရောက်ခင်မှာပဲ ဓားစာခံတွေအားလုံး အသတ်ခံခဲ့ရတာလို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဓားစာခံတွေ သေဆုံးမှု နောက်ဆက်တွဲအဖြစ် ဟာမတ်စ်အဖွဲ့နဲ့ ၁၀ လကြာ စစ်ပွဲကို အဆုံးသတ်ပြီး၊ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွတ်အောင် မလုပ်နိုင်ခဲ့တဲ့အပေါ် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို ဆန့်ကျင်ဆန္ဒပြဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။

ဓားစာခံတွေ လွတ်မြောက်ရေး အပါအဝင် ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေကတော့ လနဲ့ချီ ကြာမြင့်နေတာပါ။ ဝန်ကြီးချုပ်ကတော့ ဓားစာခံတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်အတွက် ဟာမတ်စ်အဖွဲ့က တာဝန်ခံရလိမ့်မယ်လို့ ပြောဆိုခဲ့သလို၊ ဓားစာခံတွေကို သတ်ဖြတ်ခဲ့တဲ့သူတွေဟာ စေ့စပ်ညှိနှိုင်းမှုတွေကို မလိုလားသူတွေသာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။