လက်ဘနွန်မြို့လယ် တိုက်ခိုက်ခံရ

အစ္စရေး လေကြောင်းတိုက်ခိုက်ခံရတဲ့ လစ်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်တစ်နေရာ (AP Photo/Hussein Malla)

လစ်ဘနွန်နိုင်ငံ ဘေရွတ်မြို့လယ်နေရာကို ဒီနေ့မနက် အစောပိုင်းက အစ္စရေးက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ လက်ဘနွန်ဘက်က ပြောလိုက်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့လယ်က လူနေအဆောက်အဦးတခုလုံး ပြိုကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့သလို၊ မြို့ခံတွေ တော်တော်လေး တုန်လှုပ်ခဲ့ကြတယ်လို့ ပြောကြပါတယ်။

အီရန် ကျောထောက်နောက်ခံပေးထားတဲ့ Hezbollah စစ်သွေးကြွအဖွဲ့ ပစ်မှတ်တွေလို့ အစ္စရေးတို့ပြောပြီး ဘေရွတ်မြို့တောင်ပိုင်းနဲ့ တခြားနေရာတွေအပေါ် အစ္စရေးဘက်က တိုက်ခိုက်နေတာမှာ မြို့လယ်နေရာကို ဒီနေ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။ အခုလို ဘေရွတ်မြို့တော်ထဲက မြို့လယ်ခေါင်အပေါ် တိုက်ခိုက်တာနဲ့ ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ ပြောခြင်းမရှိသေးပါဘူး။

မနက် ၄ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မြို့တော်အတွင်း တုန်ခါသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုအတွင်း ၈ ထပ်တိုက် တလုံးပြိုကျပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရသူ အများအပြား ရှိနိုင်တယ်လို့ လစ်ဘနွန်သတင်းဌာနက ပြောပါတယ်။ ဒါ့အပြင် အနီးအနားက အဆောက်အဦးတွေလည်း အတော်ပျက်စီးသွားခဲ့ပါတယ်။

အစ္စရေးနဲ့ Hezbollah စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ် ရပ်ဆဲနိုင်ဖို့ အမေရိကန် ကြားဝင်ညှိနှိုင်းပေးနေပြီး၊ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အထူးကိုယ်စားလှယ် Amos Hochstein က လစ်ဘနွန် တာဝန်ရှိသူတွေအပြင် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။