နိုင်ငံခြားသားနဲ့ သံဝန်ထမ်းတချို့ လက်ဘနွန်က ထွက်ခွာ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ကနေ လေယာဉ် ထွက်ခွာသွားပုံ

လက်ဘနွန်နိုင်ငံမြောက်ပိုင်း Tripoli မြို့ကို ဒီကနေ့ အစောပိုင်းမှာ အစ္စရေးက လေကြောင်းကနေ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ လက်ဘနွန် လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ Beirut မြို့တော်ထဲက ရပ်ကွက်တွေကို ဗုံးကြဲပြီး လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို အစ္စရေး မြေပြင်တပ်ဖွဲ့တွေ ပိုမိုတိုးဝင်ထိုးစစ်ဆင်နေတဲ့ တချိန်တည်းမှာ မြောက်ပိုင်းမှာလည်း တိုက်ခိုက်နေတာပါ။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း Tripoli မြို့မှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းတခု ထိမှန်ပြီး အဲ့ဒီမှာ ရှိနေတဲ့ ဟာမတ်စ်အဖွဲ့ အရာရှိတဦးနဲ့အတူ သူ့ရဲ့ ဇနီးနဲ့ ကလေးနှစ်ယောက် သေဆုံးခဲ့တဲ့အကြောင်း သတင်းရင်းမြစ်တချို့က ပြောတာကို ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဟာမတ်စ်နဲ့ ဆက်စပ်နေတဲ့ သတင်းမီဒီယာတခုကလည်း ဒီတိုက်ခိုက်မှုအတွင်း ဟာမတ်စ်တပ်ဖွဲ့ ခေါင်းဆောင်တဦး သေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

ဆူနီမွတ်ဆလင် အများစုနေထိုင်တဲ့ ဆိပ်ကမ်းမြို့ Tripoli ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အစ္စရေး စစ်ဘက်ကတော့ ဘာမှ ထုတ်ပြန်မပြောသေးပါဘူး။ အီရန်နိုင်ငံ ကျောထောက် နောက်ခံပေးထားတဲ့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး အစ္စရေးက လက်ဘနွန်ကို အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။

အခုလို အခြေအနေတွေကြား လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့အတွက် နိုင်ငံ အတော်များများကတော့ လက်ဘနွန်နိုင်ငံထဲမှာရှိတဲ့ သူတို့ရဲ့ သံဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေကို အထူးလေယာဥ်တွေနဲ့ ပြန်လည်ကယ်ထုတ်နေကြပါတယ်။ ကနေဒါနိုင်ငံသားတွေ လက်ဘနွန်ကနေ အမြန်ဆုံး ထွက်ခွာနိုင်အောင် စာရင်းပေးဖို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က တိုက်တွန်းထားပြီး ဒီလို စာရင်းပေးသူ ၆,၀၀၀ ကျော် ရှိတဲ့အကြောင်းနဲ့ ၁၀၀၀ ကျော်ကိုတော့ ကယ်ထုတ်ခဲ့ပြီးပြီလို့ ကနေဒါဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ အလားတူ ဗြိတိန်၊ နယ်သာလန်၊ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံတွေ အများအပြားကလည်း အထူးလေယာဥ်တွေ စေလွှတ်ပြီး သူတို့ နိုင်ငံသားတွေကို အသီးသီး ကယ်ထုတ်နေကြပါတယ်။