ကန်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမယ့် အခြေအနေနီးကပ်

အမေရိကန်အောက်လွှတ်တော်က အစိုးရလုပ်ငန်းအသုံးစရိတ်တွေကို အတည်ပြုပေးရမယ်ဆိုလျင် သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို တနှစ်အချိန် နောက်ဆုတ်ပေးရမယ်လို့ တောင်းဆိုခဲ့ပြီးတဲ့နောက် ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အချိန် ၁၇ နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အနေနဲ့ အမေရိကန် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားဖ့ို အခြေအနေဆီ ဦးတည်နေပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို အကောင်အထည်မဖော်သေးဘဲ အချိန်ဆိုင်းထားဖို့နဲ့ ဆေးပညာသုံး ပစ္စည်းအချို့အပေါ် အခွန်မကောက်ဖို့ တောင်းဆိုပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ အစိုးရဆက်ပြီးတော့ လည်ပတ်စေနိုင်ဖို့ အစိုးရအသုံးစရိတ်ကို စနေညသန်းခေါင်ကျော်လေးမှာပဲ အောက်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

တနင်္လာနေ့ည သန်းခေါင်ယံအချိန်မှာ အစိုးရလုပ်ငန်းတွေ ရပ်စဲသွားနိုင်တဲ့အခြေအနေရှိနေပြီး အိမ်ဖြူတော်နဲ့ ဒီမိုကရက် အထက်လွှတ်တော် အမတ်တွေကတော့ အောက်လွှတ်တော် ရီပတ်ဘလီကင်တွေရဲ့ အစီအစဉ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ပြောဆိုနေပြီး သူတို့ရဲ့ အစီအစဉ်ဟာ အထက်လွှတ်တော်ကိုလည်း ကျော်နိုင်မှာမဟုတ်သလို သမ္မတကလည်း ခွင့်ပြုမှာ လုံးဝမဟုတ်ပါဘူး။

အောက်လွှတ်တော်အမတ်တွေကတော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားရင်တောင်မှ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို လစာပေးဖို့ ဥပဒေတရပ်ကိုတော့ အတည်ပြုခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့အထိ အစိုးရဆက်ပြီးတော့ လည်ပတ်စေနိုင်ဖို့အတွက် အထက်လွှတ်တော်က သောကြာနေ့က အတည်ပြုပေးတဲ့ ယာယီအသုံးစရိတ်ကို ရီပတ်ဘလီကင်တွေ အုပ်စိုးထားတဲ့ အောက်လွှတ်တော်က ပယ်ချလိုက်ပြီးပါပြီ။

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးက ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ အစီအစဉ်မရှိပေမယ့် တနင်္လာနေ့ နေ့လည်မှာတော့ အထက်လွှတ်တော်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ တကယ်လို့ လွှတ်တော်နှစ်ရပ်စလုံးကသာ တနင်္လာနေ့ည သန်းခေါင် နောက်ဆုံးအချိန်အထိ သဘောတူညီမှုမရဘူးဆိုရင် ပြည်ထောင်စုအစိုးရဝန်ထမ်း ထောင်သောင်းချီဟာ ယာယီအလုပ်နားထားကြရမှာဖြစ်ပြီး အစိုးရရဲ့ လုပ်ငန်း အများအပြားလည်း ရပ်ဆိုင်းသွားရမှာဖြစ်ပါတယ်။