အိုင်ဗရီကို့စ် အစိုးရတပ်တွေ ပြန်ထိုးစစ်ဆင်

  • Scott Burmese

အိုင်ဗရီကို့စ် အစိုးရတပ်တွေ ပြန်ထိုးစစ်ဆင်

အိုင်ဗရီကို့စ်နိုင်ငံရဲ့ လက်ရှိသမ္မတကို သစ္စာခံတဲ့တပ်တွေဟာ စီးပွားရေးအချက်အချာမြို့တော် အဘိုင်ဂျန်မှာ နယ်မြေတွေကို ပြန်ရယူနိုင်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ သမ္မတ တည်းခိုနေတဲ့ ဟိုတယ်ကို စတိုက်ခိုက်နေပါတယ်။ လက်ရှိသမ္မတ လောရင့်ဘက်ဘိုဟာ မြေအောက် ကတုပ်ကျင်းတခုထဲမှာ ပုန်းနေရပြီး သူရဲ့ အာဏာပြိုင်ဖက်ကို ထောက်ခံတဲ့တပ်တွေက ဝိုင်းထားတာခံနေရပါတယ်။ ဒီနှစ်ဖက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတယ်လို့လည်း စွပ်စွဲချက်အသစ်တွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ အာဖရိကအနောက်ပိုင်းဆိုင်ရာ သတင်းထောက် Scott Stearns က သတင်းပို့ထားတာကို ကိုဝင်းမင်းက တင်ပြပေးမှာပါ။

အိုင်ဗရီကို့စ်နိုင်ငံရဲ့ လက်ရှိသမ္မတ လောရင့်ဘက်ဘိုကို သစ္စာခံတဲ့တပ်တွေဟာ မြို့တော် အဘိုင်ဂျန် မြို့ထဲက အပိုင်းတခုနဲ့ မစ္စတာ ဘက်ဘို ကတုပ်ကျင်းထဲမှာပုန်းနေတဲ့ သမ္မတအိမ်တော်ဝန်းရှိရာ ကိုကိုဒီ နယ်မြေတွေကို ပြန်သိမ်းပိုက်ခဲ့ကြပါတယ်။ ဒီသမ္မတအိမ်တော်ဝန်းကို နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ သမ္မတ အဲလက်စဲ(န်း) ဝပ်ထရာကို ထောက်ခံတဲ့တပ်တွေက ဝိုင်းထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ အကြီးအကဲ အလ်လာ လာရွိုင်း (Alian Le Roy) က ဘက်ဘိုရဲ့ တပ်တွေဟာ မစ္စတာ ဝပ်ထရာ တည်းခိုနေတဲ့ ဟိုတယ်ဌာနချုပ်ကနေ ၁ ကီလိုမီတာအကွာကို ရောက်နေတယ်၊ ခုလိုရောက်လာတာက ပြီးခဲ့တဲ့ အင်္ဂါနေ့က မစ္စတာ ဘက်ဘို လက်နက်ချရေး ညှိနိုင်းနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ အပစ်အခပ်ရပ်စဲရေးကို အသုံးချလုပ်ခဲ့တာ ရှင်းပါတယ်လို့ဆိုပါတယ်။

“အဲ့ဒီကထဲက မစ္စတာ ဘက်ဘိုရဲ့ တပ်တွေက နယ်မြေတွေကို ပြန်ရယူနိုင်ခဲ့ပြီး သူတို့အနေနဲ့ ပလက်တူးနဲ့ ကိုကိုဒီ ဒေသတွေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီမှာရှိနေတဲ့ တပ်တွေကို သူတို့ ပြန်ထိန်းချုပ် ထားနိုင်ပါတယ်။ ကျတော်တို့ အခုစကားပြောနေချိန်အတွင်းမှာပဲ သူတို့ ဂေါ့(ဖ်) ဟိုတယ်နား ရောက်ကောင်း ရောက်နေနိုင်ပါတယ်။ ရှင်းပါတယ်၊ အင်္ဂါနေ့က ခဏငြိမ်သက်သွားတာကို နည်းပရိယာယ်အဖြစ် အသုံးချပြီး သူတို့ရဲ့ တပ်တွေ နေရာယူထားတာကို ပြန်အားကောင်းလာအောင် လုပ်ခဲ့တယ်လေ။ သူတို့က စေ့စပ်ဖို့ သဘောတူတယ်လို့ ယုံအောင်ကြိုးစားပြောခဲ့ပြီးတော့ တကယ်တမ်းမှာက သူတို့ရဲ့အနေအထားကို ပြန်ပြီး ခိုင်မာသွားအောင် လုပ်ခဲ့တာပါ။”

လာရွိုင်း ကပဲ ဘက်ဘိုရဲ့ တပ်တွေမှာ တင့်ကားတွေ၊ ဒုံးကျည်ပစ်အမြောက်တွေနဲ့ သံချပ်ကာကားတွေ အပါအဝင် လက်နက်ကြီးတွေ အများကြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအခြေအနေမှာတော့ ဘက်ဘိုရဲ့ တပ်တွေက ဝပ်ထရာ တည်းခိုနေတဲ့ ဂေါ့(ဖ်) ဟိုတယ်ကို လက်နက်ကြီးတွေနဲ့တောင် ပစ်ထည့်နေပါတယ်။ ဝပ်ထရာဟာ ပြဿနာဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၂၈ ရွေးကောက်ပွဲ တွေ ပြီးကတည်းက ဒီဟိုတယ်မှာ တည်းနေခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံကလည်း ဘက်ဘိုရဲ့ တပ်တွေဖက်က သူတို့ရဲ့ သံအမတ်နေအိမ်ကို လက်နက်ကြီးတွေနဲ့ သောကြာနေ့က ပစ်ခဲ့အပြီးမှာ ပြင်သစ်တပ်တွေအနေနဲ့ သူတို့ရဲ့ သံတမန်တွေကို ပြန်ခေါ်ထုတ်ပေးဖို့ ကြိုးပမ်းခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘက်ဘိုရဲ့တပ်တွေနဲ့ အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့တာမို့ ဒီကြိုးပမ်းမှုကို ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ပြင်သစ် ဟယ်လီကော်ပတာတွေ အပစ်ခံခဲ့ရပြီး ပြန်ပစ်လိုက်တာကြောင့် ဘက်ဘိုဖက်က သံချပ်ကာ ကားတစီး ပျက်စီးသွားတယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ မစ္စတာ ဘက်ဘိုရဲ့ ကတုပ်ကျင်းကို ဝိုင်းပိတ်ထားအပြီးမှာ မစ္စတာ ဝပ်ထရာနဲ့ သူရဲ့တပ်တွေက အိုင်ဗရီကို့ (စ်) နိုင်ငံတခုလုံးကို ထိန်းသိမ်းနိုင်ပြီး ပုံမှန်အခြေအနေကို ပြန်ရောက်နိုင်အောင် လုပ်ဖို့ တပ်တွေရွှေ့ပြီး လှုပ်ရှားခဲ့ကြပါတယ်။

ခုလိုလုပ်တဲ့အချိန်မှာ မစ္စတာဝပ်ထရာက ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကိုရပ်ပေးဖို့ ဘဏ်တွေပြန်ဖွင့်ဖို့နဲ့ အဘိုင်ဂျန်က ရေနံစက်ရုံတွေ ပြန်လည်ပတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့ မစ္စတာဝပ်ထရာ အနေနဲ့လည်း သူ့ရဲ့ တပ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လစ်ဗျား နယ်စပ်နားက နိုင်ငံအနောက်ပိုင်း ဒေသတွေမှာ လုပ်နေတယ်လို့လည်း စွပ်စွဲချက်အသစ်တွေကို စပြီး ရင်ဆိုင်နေရပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ဝပ်ထရာကို ထောက်ခံတဲ့တပ်တွေက ပြီးခဲ့တဲ့လထဲမှာ လူတွေရာနဲ့ချီပြီးကို သတ်ပစ်တာ ဒါမှမဟုတ် အတင်းအဓမ္မ ပြုကျင့်တာတွေ လုပ်ခဲ့ပြီး ရွာတွေကိုလည်း မီးရှို့ခဲ့တယ်လု့ိ စွပ်စွဲထားပါတယ်။

ဒီလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကပဲ ဘက်ဘိုရဲ့တပ်တွေက နိုင်ငံမြောက်ပိုင်းက မြို့တခုမှာ ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ အမျိုးသားပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်တာ အပါအဝင် ကျူးလွန်ခဲ့တာ တွေကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။

မစ္စတာ ဝပ်ထရာ အာဏာရလာရင် ဒီဘက်နှစ်ဖက်လုံးက ကျူးလွန်ခဲ့တာတွေကို စစ်ဆေးပြီး တာဝန်ရှိသူ တွေကို အရေးယူနိုင်ဖို့ ခုံရုံးဖွင့်သင့်တယ်လို့ ဒီလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပဲ ဆိုပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂအဖွဲ့က နိုင်ငံအနောက်ပိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုအတွင်းမှာ သေဆုံးဒဏ်ရာရခဲ့တဲ့ လူစာရင်းကို တိုးမြှင့်လိုက်ပါတယ်။ သောကြာနေ့ကတော့ သတ်ဖြတ်မှုဖြစ်အပြီး ၂၄ နာရီအတွင်း လူ ၁၀၀ ကျော်သေခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဒီအချိန်မှာပဲ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးကလည်း ဒီတိုက်ပွဲတွေအတွင်းမှာ ကျူးလွန်ခဲ့ကြတာတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ မဟုတ် ဘူးလို့ ပြောပါတယ်။