အိုင်ဗရီကို့စ် တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေး သမ္မတသစ် ကတိပေး

အိုင်ဗရီကို့စ် တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေး သမ္မတသစ် ကတိပေး

အိုင်ဗရီကို့စ်နိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့လူတွေကို တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့ သမ္မတအသစ် အလာစဲန်း ဝါထရာက ကတိပေးလိုက်ပါတယ်။ နိုင်ငံကိုပြန်ပြီး တည်ငြိမ်မှု ရှိလာအောင်လည်း လုပ်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံအတွင်း လုံခြုံရေး ပြန်ရှိလာရေးက သူ့ရဲ့ ပထမဦးစားပေး လုပ်ငန်းပဲလို့ မစ္စတာ ဝါထရာက မနေ့ကပဲ သတင်းထောက်တွေကို ပြောပါတယ်။ တနင်္လာနေ့က အဖမ်းခံခဲ့ရတဲ့ အရင်သမ္မတဟောင်း လော့ရင့်ဘက်ဘို ကို သူ့ကိုဖမ်းထားတဲ့ ဂေါ့ဖ်ဟိုတယ် (Golf Hotel) ကနေ လုံခြုံတဲ့ တခြားနေရာကို ရွှေ့လိုက်ပြီလို့လည်း သမ္မတ ဝါထရာက ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာထားသလဲ ဆိုတာကိုတော့ ရှင်းမပြပါဘူး။ သူ့ကို နိုင်ငံခေါင်းဆောင်ဟောင်း တဦးအနေနဲ့ ဆက်ဆံနေပါတယ်လို့တော့ ပြောပါတယ်။

မစ္စတာ ဘက်ဘိုနဲ့ သူ့ရဲ့ဇနီးအပါအဝင် သူတို့နဲ့နီးစပ်တဲ့သူတွေကို တရားရေး ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေတော့ ချထားပြီလို့ ဆိုပါတယ်။ မစ္စတာ ဘက်ဘို က ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့ပြီး အာဏာကမဆင်းဘဲ တင်းခံနေလို့ ဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေကြောင့် အိုင်ဗရီကို့စ်နိုင်ငံမှာ လူတွေ ရာနဲ့ချီ သေဆုံးပြီး လူပေါင်း ၁ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။