အိုင်ဗရီကို့စ် ရွေးကောက်ပွဲ နောက်ပိုင်း အကြမ်းဖက်မှု ၁၇၀ ကျော် သေဆုံး

အိုင်ဗရီကို့စ် ရွေးကောက်ပွဲ နောက်ပိုင်း အကြမ်းဖက်မှု ၁၇၀ ကျော် သေဆုံး

အိုင်ဗရီကို့စ်နိုင်ငံရဲ့ အငြင်းပွားစရာ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အခုဆိုရင် သေဆုံးသူ ဦးရေဟာ ၁၇၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ သံတမန်တွေက ပြောဆိုပါတယ်။ ဒီအခြေအနေတွေကို ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရေး ပြဿနာတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အိုင်ဗရီကို့စ်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်း တပ်တွေ တိုးမြှင့်ချထားရေး အာဖရိက နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ အမေရိကန်က ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေက အနောက်အာဖရိက နိုင်ငံတွေနဲ့ တချိန်က အိုင်ဗရီကို့စ်ကို ကိုလိုနီ လုပ်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံတို့နဲ့ ဆွေးနွေး ပြောဆိုနေတယ်လို့ ပြောပါတယ်။

အိုင်ဗရီကို့စ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်သား ၁၀,၀၀၀ တိုးမြှင့်ဖို့ လုပ်ဆောင်ချက်ဟာ လက်ရှိ အာဏာရခေါင်းဆောင် လောရန်း ဘက်ဂ်ဘို (Laurent Gbagbo) ကို ဖြုတ်ချဖို့အတွက် ရည်ရွယ်တာ မဟုတ်ဘူးလို့လည်း အမေရိကန် အရာရှိတွေက ပြောဆိုပါတယ်။ ဒါပေမဲ့ အာဏာ ဆက်လက်တည်မြဲရေး သူ့ကိုယ်ပိုင်တပ်တွေ အသုံးပြုနေတာကို အတော်အသင့် လျော့သွားစေဖို့ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ မစ္စတာ ဘက်ဂ်ဘိုရဲ့ ပြိုင်ဘက် အာလာဆမ်း ဝါတာဟာ (Alassane Ouattara) ကို အသိအမှတ်ပြု လက်ခံဖို့ မစ္စတာ ဘက်ဂ်ဘိုကို အာဖရိကနဲ့ အနောက်နိုင်ငံတွေက အတော်လေး ဖိအားပေးနေပေမဲ့လည်း မစ္စတာ ဘက်ဂ်ဘိုကတော့ ရာထူးကနေ ဆင်းပေးရေးကို ငြင်းဆန်နေဆဲပါ။

ဥရောပကော်မရှင်ကလည်း တိုင်းပြည်ရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဒုက္ခတွေကို ခံစားနေကြတဲ့ ပြည်သူတွေကို ကူညီဖို့ အိုင်ဗရီကို့စ်ကို ဒေါ်လာ ၆,၅၀၀,၀၀၀ တန်ဖိုးရှိတဲ့ အရေးပေါ် အကူအညီတွေ ပေးပို့ခဲ့တယ်လို့ ဥရောပကော်မရှင်က ပြောဆိုခဲ့ပါတယ်။