အိုင်ဗရီကို့စ်သမ္မတ နှုတ်ထွက်ဖို့ အာဖရိက ခေါင်းဆောင်များ ရာဇသံပေး

အိုင်ဗရီကို့စ်သမ္မတ နှုတ်ထွက်ဖို့ အာဖရိက ခေါင်းဆောင်များ ရာဇသံပေး

အိုင်ဗရီကို့စ်နိုင်ငံက လက်ရှိသမ္မတ လောရင့်စ် ဘဂ်ဘို (Laurent Gbagbo) ကို အာဏာစွန့်လွှတ်ဖို့၊ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ သူနဲ့ပြိုင်ဘက် အနိုင်ရခဲ့တာကို လက်ခံဖို့ အနောက်အာဖရိက နိုင်ငံတွေရဲ့ သမ္မတအုပ်စုတခုက တောင်းဆိုလိုက်ပါတယ်။

ဆီရီယာလီယွန်း၊ ကိတ်ဗာ့ဒ်နဲ့ ဘီနင်နိုင်ငံက သမ္မတတွေဟာ အနောက်အာဖရိက နိုင်ငံများရဲ့ ကိုယ်စား တောင်းဆိုဖို့ အိုင်ဗရီကို့စ် နိုင်ငံကို ဒီကနေ့ပဲ ရောက်လာခဲ့ကြပါတယ်။

သမ္မတ လောရင့်စ် ဘဂ်ဘို အာဏာက မဆင်းရင် အင်အားသုံးမယ်လို့ ECOWAS လို့ခေါ်တဲ့ အနောက်အာဖရိက နိုင်ငံအုပ်စုက ခြိမ်းခြောက်ထားတာပါ။

သမ္မတ လောရင့်စ် ဘဂ်ဘို အာဏာက ဆင်းပေးရင် အလဲအလှယ်လုပ်တဲ့ အနေနဲ့ သူတို့နိုင်ငံတွေမှာ နိုင်ငံရေးအရ ခိုလှုံခွင့်ပြုမယ် ဆိုပြီး အိုင်ဗရီကို့စ်ကို ရောက်နေကြတဲ့ သမ္မတတွေက မစ္စတာ ဘဂ်ဘိုနဲ့ တွေ့ဆုံပြီး ကမ်းလှမ်းကြပါလိမ့်မယ်။ သူတို့ဟာ သမ္မတ ဘဂ်ဘိုနဲ့ ပြိုင်ဘက်ဖြစ်တဲ့ အာဆင်း ဝါတာရာ (Alassane Ouattara) ကိုလည်း တွေ့ဆုံကြပါလိမ့်မယ်။

မစ္စတာ ဝါတာရာကတော့ သမ္မတအာဏာ စွန့်ပေးတဲ့အထိ အထွေထွေသပိတ် မှောက်ကြဖို့ မနေ့တုန်းက တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အိုင်ဗရီကို့စ်ရဲ့ အဓိကမြို့ဖြစ်တဲ့ အဘစ်ဂျန်မြို့မှာတော့ လမ်းမတန်းတွေမှာရှိတဲ့ ဈေးဆိုင်တွေက ပုံမှန်အတိုင်း ဖွင့်လှစ် စည်ကားနေပြီး တချို့ အလုပ်သမားတွေကလည်း အလုပ်တရက် အပျက်မခံနိုင်ဘူးလို့ ပြောနေကြပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အိုင်ဗရီကို့စ်နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ လောရင့်စ် ဘဂ်ဘိုကရော၊ သူနဲ့အပြိုင် သမ္မတ ဝင်ရွေးတဲ့ အာဆင်း ဝါတာရာကရော သူနိုင်တယ်၊ ငါနိုင်တယ်ဆိုပြီး ပြောနေကြတာ ဖြစ်ပါတယ်။