ငြိမ်းချမ်းရေး တပ်တွေကို အိုင်ဗရီကို့စ် သမ္မတ နှင်ထုတ်

ငြိမ်းချမ်းရေး တပ်တွေကို အိုင်ဗရီကို့စ် သမ္မတ နှင်ထုတ်

ငြိမ်းချမ်းရေး တပ်တွေကို အိုင်ဗရီကို့စ် သမ္မတ နှင်ထုတ်

ကုလသမဂ္ဂနဲ့ ပြင်သစ် ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ တိုင်းပြည်ကနေ ချက်ချင်း ထွက်သွားဖို့ အိုင်ဗရီကို့စ် အစိုးရရဲ့ တာဝန်ထမ်းဆောင်နေဆဲ သမ္မတ လောရန့် ဘဂ်ဘို (Laurent Gbagbo) က အမိန့်ပေးလိုက်ပါတယ်။ သူနဲ့ပြိုင်ဘက် Alassane Ouattara သမ္မတ အာဏာရနိုင်အောင် ငြိမ်းချမ်းရေး တပ်ဖွဲ့တွေက ကူညီနေကြတယ်လို့ မစ္စတာ ဘက်ဂ်ဘို ထောက်ခံသူတွေက စွပ်စွဲထားကြပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေဟာ သူတို့ လာရင်း လုပ်ငန်းစဉ်ကို ချိုးဖောက်နေတယ်လို့ နိုင်ငံတော် ရုပ်မြင်သံကြားကနေ စကားပြောရာမှာ ဘဂ်ဘိုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တနင်္လာနေ့ သက်တမ်း ကုန်ဆုံးသွားတဲ့အခါ အဲဒီ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေကို ဘဂ်ဘို အစိုးရက ထပ်မံ သက်တမ်း တိုးပေးမှာမဟုတ်ဘူးလို့ သူမက ဆိုပါတယ်။

မစ္စတာ ဘဂ်ဘိုဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ သမ္မတ မဟုတ်တဲ့အတွက် သူ့ရဲ့ ရာဇသံက ဘာမှမဆိုင်ပါဘူးလို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များရဲ့ ပြောရေးဆိုခွင့်ရှိသူ Michel Bonnardeaux က ဆိုပါတယ်။ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေရဲ့ လုပ်ငန်းကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကသာ ဆုံးဖြတ်နိုင်ပါတယ်လို့ သူက ပြောပါတယ်။ မစ္စတာ Ouattara ကို အာဏာလွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ၊ ပြင်သစ်၊ အာဖရိကသမဂ္ဂ နဲ့ တခြား အစိုးရတွေက တောင်းဆိုထားတာကို မစ္စတာ ဘဂ်ဘိုက ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲကို နှစ်ယောက်ချင်း ယှဉ်ပြိုင်ခဲ့ရာမှာ နိုင်ငံတကာက မစ္စတာ Ouattara ကို အနိုင်ရသူအဖြစ် အသိအမှတ် ပြုထားပါတယ်။ အိုင်ဗရီကို့စ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်သား ၁ သောင်း ရှိနေပြီး မစ္စတာ Ouattara ရုံးစိုက်ရာ Abidjan ဟိုတယ်ကို ရာပေါင်းများစွာသော ကုလသမဂ္ဂတပ်သားတွေက အကာအကွယ်ပေးထားပါတယ်။ ပြင်သစ် တပ်သား ၉၀၀ လောက်လည်း တိုင်းပြည်အတွင်းမှာ ရှိနေပါတယ်။