အိုင်ဗရီကို့စ်အရေး အာဖရိကနိုင်ငံတွေ အင်အားသုံးမည်

အိုင်ဗရီကို့စ်အရေး အာဖရိကနိုင်ငံတွေ အင်အားသုံးမည်

အိုင်ဗရီကို့စ် သမ္မတ Laurent Gbagbo အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲနဲ့ အာဏာကို မစွန့်လွှတ်ဘူးဆိုရင် အင်အား သုံးရလိမ့်မှာဖြစ်တယ်လို့ အနောက်အာဖရိက နိုင်ငံခေါင်းဆောင်တွေက ခြိမ်းခြောက်လိုက်ပါတယ်။ အနောက်အာဖရိကနိုင်ငံ ခေါင်းဆောင်တွေ နိုင်ဂျီးရီးယားနိုင်ငံမှာ သောကြာနေ့က တွေ့ဆုံပြီးတဲ့နောက်မှာ မစ္စတာ Gbagbo ကို ရာထူးကနေ အေးအေးဆေးဆေး ဆင်းပေးဖို့ စည်းရုံးနိုင်ဖို့အတွက် ကိုယ်စားလှယ်အဖွဲ့တခုကို စေလွှတ်သွားမှာဖြစ်ပါတယ်။

တကယ်လို့ မစ္စတာ Gbagbo ဘက်က လက်မခံဘူးဆိုရင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ တခြားရွေးစရာလမ်းမရှိဘဲ ရွေးကောက်ပွဲရလဒ်ကို အတင်းအကျပ် ဖော်ဆောင်ဖို့အတွက် တရားဝင်အင်အား အသုံးပြုတာအပါအဝင် တခြားနည်းလမ်းတွေကိုပါ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အာဖရိကသမဂ္ဂ၊ ကုလသမဂ္ဂ နဲ့ အိမ်နီးချင်းနိုင်ငံတွေက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့သူဟာ Allassance Quattara ဖြစ်တယ် ဆိုပြီး အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် မစ္စတာ Gbagbo ကတော့ သူ့ကို ရာထူးကနေ ဆင်းပေးဖို့ ကြိုးပမ်းချက်တွေ အားလုံးကို ပယ်ချခဲ့ပါတယ်။

ရွေးကောက်ပွဲ အလွန်ကာလတွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါ့အပြင် မစ္စတာ Gbagbo ရဲ့ တပ်တွေနဲ့ မျက်နှာဖုံးစွပ် သေနတ်သမားတွေက N’Dotre ရွာမှာ သေဆုံးတဲ့သူ အများအပြား မြှုပ်နှံထားတဲ့နေရာကို ပိတ်ဆို့ထားတယ်လို့ ပြောလိုက်ပါတယ်။