အနောက်အာဖရိကနိုင်ငံတခုဖြစ်တဲ့ အိုင်ဗရီကို့စ်မှာ ရာထူးကနေဆင်းပေးဖို့ ငြင်းဆန်နေတဲ့ သမ္မတ လောရင့်ဘက်ဘို (Laurent Gbagbo) ဖမ်းဆီးခံလိုက်ရပါပြီ ဖြစ်တာမို့ ၄ လကြာ သမ္မတရာထူးလုပွဲ အဆုံးသတ်သွားပါပြီ။ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အလာစဲန်း ဝါထရာ (Alassane Ouattara) ကို ထောက်ခံတဲ့တပ်တွေ၊ ပြင်သစ်တပ်တွေနဲ့ ကုလသမဂ္ဂတပ်တွေက မစ္စတာ ဘက်ဘိုရဲ့ နေအိမ်ကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ သူ့ကိုဖမ်းမိလိုက်တာဖြစ်ပါတယ်။
အဘိုင်ဂျန်က မစ္စတာ ဘက်ဘိုရဲ့နေအိမ်မှာ သူ့ကို ဒီကနေ့ တနင်္လာနေ့မှာ ဖမ်းဆီးမိပြီး မစ္စတာ ဝါထရာရဲ့ ဌာနချုပ်ရှိရာ ဂေါ့ဖ် ဟိုတယ် (Golf Hotel) ကို ခေါ်သွားတယ်လို့ မစ္စတာ ဝါထရာတပ်တွေရဲ့ ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။
သူ အဖမ်းမခံရခင်က ပြင်သစ်သံချပ်ကာ ကားတန်းကြီးတွေဟာ မစ္စတာ ဘက်ဘိုရဲ့ အိမ်ဖက်ကို သွားနေတာကို ဒီကနေ့အစောပိုင်းက မြင်ရတယ်လို့ မျက်မြင်တွေကလည်း ပြောပြပါတယ်။ အိုင်ဗရီကို့စ်မှာရှိတဲ့ ပြင်သစ်သံရုံး ကရော၊ နယူးယောက်မှာရှိတဲ့ မစ္စတာ ဝါထရာရဲ့ ကိုယ်စားလှယ်ကပါ မစ္စတာ ဘက်ဘိုကို ဖမ်းဆီးတာဟာ မစ္စတာ ဝါထရာရဲ့လူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဟိုတယ်ခန်းတခုထဲမှာ ပင်ပန်းနွမ်းနယ်နေပုံရတဲ့ မစ္စတာ ဘက်ဘိုရဲ့ပုံကိုလည်း ရုပ်မြင်သံကြားတွေပေါ်မှာ မြင်နေရပါတယ်။
မစ္စတာ ဘက်ဘိုဟာ အသက်ရှင်ကျန်းမာစွာ ရှိပြီးတော့ သူ့ကို တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ ကုသလမဂ္ဂဆိုင်ရာ မစ္စတာ ဝါထရာရဲ့ ကိုယ်စားလှယ်က သတင်းထောက်တွေကို ပြောပါတယ်။