ရိုဟင်ဂျာ ပဋိပက္ခကို လစ်လျူရှုပြီး မြန်မာ အပေါ် ချီးကျူးခဲ့တယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခံနေရတဲ့ လူမှုကွန်ယက် တွစ်တာရဲ့ အမှုဆောင် အရာရှိချုပ် Jack Dorsey က သူရဲ့ ပြောဆိုချက်ကို ကာကွယ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ အကြပ်အတည်းတွေကို သိရှိထားတဲ့ အကြောင်း၊ မြန်မာနိုင်ငံကို သွားရောက်တာ၊ တရားထိုင်တာ၊ လူတွေနဲ့ တွေ့ဆုံ စကားပြောတာတွေဟာလည်း မြန်မာနိုင်ငံကို ထောက်ခံပေးတာလို့ မယူဆတဲ့ အကြောင်း Jack Dorsey က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒီကိစ္စကို ထုတ်ဖော် မပြောဘဲ မှေးမှိန်သွားအောင် လုပ်ဖို့ မရည်ရွယ်ကြောင်းနဲ့ ဒီကိစ္စကို ရေရေလည်လည် မသိဘဲ လေ့လာဖို့ လိုသေးတာကို ဝန်ခံတယ်လို့လည်း တွစ်တာ CEO Dorsey က ပြောပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်က စီးပွားရေး လုပ်ငန်းခရီးစဉ် သဘောမျိုး ခန့်မှန်းပြောဆိုချက်တွေကိုလည်း တွစ်တာ CEO က ပယ်ချပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုး မရှိဘူးလို့ ပြောဆိုလိုက်ပြီး တွစ်တာ လူမှုကွန်ယက်ဟာ လူ့အခွင့်အရေး ကိစ္စတွေကို မြှင့်တင် ပညာပေးနိုင်တဲ့ နည်းလမ်း တခုဖြစ်တယ်လို့လည်း ရည်ညွှန်းပြောဆိုသွားပါတယ်။ ကမ္မဌာန်းကျင့်နေတဲ့ သူတဦး အနေနဲ့ ဗုဒ္ဓဘာသာ အများစုရှိရာ မြန်မာနိုင်ငံကို သွားရောက်လိုခဲ့တာသာ ဖြစ်တယ်လို့လည်း တွစ်တာ CEO က ပြောပါတယ်။ လူမှုကွန်ယက် တွစ်တာက မြန်မာနိုင်ငံမှာ Facebook လောက်တော့ မတွင်ကျယ်လှပါဘူး။ ဒါပေမယ့်လည်း တွစ်တာ လူမှုကွန်ယက်ပေါ်မှာလည်း ရိုဟင်ဂျာ ပဋိပက္ခ အတွင်း အမုန်းပွားစေမယ့် အကြောင်းအရာတွေ တင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ၁၀ ရက်ကြာ ဝိပဿနာ ကျင့်ကြံခဲ့တဲ့ တွစ်တာ CEO Dorsey က မြန်မာ အစားအစာ၊ အလှအပနဲ့ မြန်မာ ပြည်သူတွေဟာ သိပ်ကို စိတ်ချမ်းသာစရာ ကောင်းပါတယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရေးသားခဲ့ပြီးနောက်မှာတော့ နိုင်ငံတွင်းကနေ ထွက်ပြေးနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အရေးကို လစ်လျူရှုတယ်ဆိုပြီး အပြင်းအထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
I’m aware of the human rights atrocities and suffering in Myanmar. I don’t view visiting, practicing, or talking with the people, as endorsement. I didn’t intend to diminish by not raising the issue, but could have acknowledged that I don’t know enough and need to learn more.
— jack (@jack) December 11, 2018
Your browser doesn’t support HTML5
ဝေဖန်မှုတွေကို Twitter အမှုဆောင်အရာရှိချုပ် ကာကွယ်တုံ့ပြန်