ဂျပန်ဧကရာဇ် Akihito ထီးနန်းစွန့်ဖို့စဉ်းစား

ဂျပန်ဧကရာဇ် Akihito ဟာ အသက်အရွယ် အိုမင်းလာပြီ ဖြစ်တဲ့အတွက် လာမယ့်နှစ် အနည်းငယ်အတွင်း ထီးနန်းစွန့်ဖို့ စဉ်းစားနေတဲ့အကြောင်း ဂျပန်မီဒီယာတွေမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြကြပါတယ်။ တကယ်လို့ ထီးနန်းစွန့်ဖြစ်ခဲ့ရင် ဒါဟာ နှစ်ပေါင်း ၂၀၀ ခန့်အတွင်း ဂျပန်နိုင်ငံရဲ့ ဧကရာဇ်မင်းဆက်မှာ ပထမဆုံးအကြိမ် ထီးနန်းစွန့်မှု ဖြစ်မှာပါ။ သက်ရှိထင်ရှားရှိစဉ် အရိုက်အရာကို စွန့်လွှတ်ရာမှာ တည်ဆဲဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လိုမယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒါပေမဲ့ အခုလို ဧကရာဇ် Akihito ထီးနန်းစွန့်မယ့်သတင်းနဲ့ ပတ်သက်လို့ ဂျပန်နန်းတော်ရဲ့ ပြောခွင့်ရကတော့ ဒီသတင်းမဟုတ်မှန်ကြောင်း တုံ့ပြန်တယ်လို့ နောက်တက်တဲ့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိ Akihito အနေနဲ့ ကျန်းမာရေးကြောင့် သူ့ရဲ့ရာထူးတာဝန်တွေကို အပြည့်အ၀ ထမ်းဆောင်နိုင်ခြင်း မရှိဘူးလို့ သူ့အနေနဲ့ ယူဆတဲ့အတွက် သူ့ရဲ့ သားတော်အကြီးဆုံး အသက် ၅၆ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရူဟီတို ကို အရိုက်အရာ ဆက်ခံဖို့ လွှဲပေးလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ဧကရာဇ်နန်းတော်ကလာတဲ့ သတင်းတွေကို ကိုးကားပြီး ဂျပန်သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဂျပန်ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဘုရင်စနစ်မှာ ဧကရာဇ်ဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ အခမ်းအနားတွေ တက်ရောက်ရတဲ့ တာဝန်ကိုသာ ထမ်းဆောင်ရတာ ဖြစ်ပေမဲ့ နိုင်ငံသားတွေရဲ့ ကြည်ညိုမှုကို အခံရဆုံးပုဂ္ဂိုလ်ဖြစ်ပြီး၊ အခုလို ထီးနန်းစွန့်ဖို့ စဉ်းစားနေတဲ့အကြောင်းကို လူသိရှင်ကြား ကြေငြာချက်ထုတ်ပြန်ဖို့ ရှိပေမဲ့ ထီးနန်းစွန့်မယ့် အချိန်အတိအကျကိုတော့ ဖော်ပြပေးထားမှာ မဟုတ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

၂၀၁၂ ခုနှစ်တုန်းက Akihito အနေနဲ့ နှလုံးသွေးကြောပိတ်ရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ရင်ကြပ်ရောဂါနဲ့ ဆေးရုံ အတန်ကြာ တက်ခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းကလည်း ဆီးကြိတ် ကင်ဆာရောဂါ ကုသမှုကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။

Your browser doesn’t support HTML5

ဂျပန်ဧကရာဇ် Akihito ထီးနန်းစွန့်ဖို့စဉ်းစား