မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ် နိုင်ငံခြားဝင်ငွေတွေ မရရှိစေရေး ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတဲ့ကြားထဲက ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတခုက စစ်တပ်ကပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို အခကြေးငွေ ပေးခဲ့တာဟာ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဂျပန်အစိုးရ အရာရှိတဦးက ဇန်နဝါရီ ၂၇ ရက်၊ သောကြာနေ့မှာ ပြောပါတယ်။
ဂျပန်အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားအချက်အခြာဖြစ်တဲ့ ရန်ကုန်မြို့မှာ တည်ဆောက်တဲ့ တံတားအတွက် ငွေပေးချေဖို့ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်ကတည်းက အတည်ပြုပေးထားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဂျပန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။
ဂျပန်နိုင်ငံက Yokogawa တံတားတည်ဆောက်ရေးကုမ္ပဏီအနေနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ငွေပေးချေခွင့် ပြုခဲ့ခြင်း ရှိမရှိဆိုတာ မသေချာဘူးလို့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေကို ကြီးကြပ်ကိုင်တွယ်ရတဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ပြောပါတယ်။ တကယ်လို့ ဂျပန်အစိုးရဘက်ကပြောတဲ့အတိုင်း အမေရိကန်က အတည်ပြုချက် ပေးခဲ့တယ်ဆိုရင်တော့ ဒါဟာ မြန်မာစစ်တပ်ကို နိုင်ငံခြားငွေရအောင် လုပ်ဆောင်ပေးတယ်ဆိုတာနဲ့ ပတ်သက်လို့ ပထမဆုံး လူသိရှင်ကြားဖြစ်လာတဲ့ကိစ္စ ဖြစ်လာမှာပါ။
ဒီ တံတားစီမံကိန်းနဲ့ပတ်သက်လို့ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Yokogawa က အမေရိကန်အစိုးရနဲ့ ကြိုတင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲဒီ အမည်မဖော်လိုတဲ့ ဂျပန်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အဆိုအရကတော့ Yokogawa ဆောက်လုပ်ရေးကုမ္ပဏီဟာ MEC ကို မနှစ် ၂၀၂၂ ခုနှစ် ဇူလိုင်နဲ့ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၁.၃ မီလီယံ ပေးခဲ့တယ်လို့ စုံစမ်းသိရှိရကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက်ဖြိုခွင်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ ကျူးလွန်နေတဲ့ စစ်ကောင်စီ၊ MEC လို စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားလုပ်ငန်းတွေအပေါ် အမေရိကန်အစိုးရ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာပါ။ အလားတူဘဲ အီးယူ ဥရောပသမဂ္ဂကလည်း ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပေမယ့် ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံတွေကတော့ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုတွေကို မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
==== Unicode ===