ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေနဲ့ တကိုယ်တော်ဖြတ်သန်းခဲ့တဲ့ ဂျပန်အဖိုးအို
{{Zawgyi/Unicode}}
အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်အမျိုးသား Kenichi Horie ဟာ ပစိဖိတ် သမုဒ္ဒရာကို ရွက်လှေကလေးတစင်းနဲ့ တဦးထဲ မနားတမ်း ဖြတ်ကူးတဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့ပြီး သူ့ကိုယ်သူ အခုထိ ပျိုမြစ်ငယ်ရွယ်နေဆဲပဲလို့လည်း ကြွေးကျော်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို လှေဆိပ်ကနေ မတ်လကုန်လောက်မှာ ရွက်လှေတစင်းနဲ့ ထွက်လာတဲ့ Horie ဟာ ပစိဖိတ် သမုဒ္ဒရာကို ၆၉ ရက်ကြာ တဦးထည်း ဖြတ်သန်းခဲ့တဲ့နောက် ဇွန်လ ၅ ရက် စနေနေ့ အစောပိုင်း မှာတော့ ဂျပန် အနောက်ဖက် ကမ်းရိုးတန်းက Kii ရေလက်ကြားကို ဖြတ်ပြီး ဌာနေပြန်ရောက်လာတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ မှာတော့ သူ့မွေးဇာတိ Shin Nishinomiya ဆိပ်ကမ်းမြို့ကို သူ့ရဲ့ အရှည် ၅.၆ မီတာနဲ့ အလေးချိန် ကီလိုဂရမ် ၉၉၀ ရှိတဲ့ Suntory Mermaid III ရွက်လှေနဲ့ ရောက်လာတဲ့ Horie ကို ဒေသခံတွေ၊ သူ့ကို ပံ့ပိုးသူတွေက ဝိုင်းဝန်းကြိုဆိုခဲ့တာပါ။
သူ့ရဲ့ ၂ လကြာ ပင်လယ်ပြင် ခရီးအတွင်း ဆန်ဖရန်စစ္စကို ကနေ သယ်လာတဲ့ ဆေးတွေထဲက မျက်စဉ်းနဲ့ အနာကပ် ပလာစတာကိုပဲ သုံးခဲ့ရကြောင်းနဲ့ သူဟာ လူငယ်လေးတဦးလို ကျန်းမာဆဲပဲ လို့ပြောပါတယ်။
သူဟာ ၁၉၆၂ ခုနှစ်တုန်းက ဂျပန်ကနေ ဆန်ဖရန်စစ္စကို မြို့ကို ရွက်လှေနဲ့ ပထမဆုံး တဦးထည်း အောင်မြင်စွာဖြတ်သန်းခဲ့သူ ဖြစ်ပြီး အခု အနှစ် ၆၀ အကြာမှာ ဆန်ဖရန်စစ္စကိုကနေ ဂျပန်ကို ပစိဖိတ်သမုဒ္ဒရာကနေ ဖြတ်ကူးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၉၇၄ မှာ ရွက်လွှင့်ပြီး ကမ္ဘာပတ်ခဲ့သူလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေနဲ့ တကိုယ်တော်ဖြတ်သန်းခဲ့တဲ့ ဂျပန်အဖိုးအို
.................................................
{{Zawgyi/Unicode}}