ဂျပန် မိုးကြီး မြေပြို လူ ၅၀ ကျော်သေ ၅၀ ပျောက်ဆုံး

၂၀၀၆ ၊ ဇူလိုင်လ ၂၀ ရက်က ဂျပန်နိုင်ငံ မိုးကြီး မြေပြိုမှုဒဏ်ခံရတဲ့မြင်ကွင်း။

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး မြေပြိုတာကြောင့် လူ ၅၀ ထက် မနည်း သေဆုံးသွားပြီး နောက်ထပ် လူ ၅၀ လောက် ပျောက်ဆုံးနေတယ်လို့ ဂျပန် NHK သတင်းဌာနက ကြေညာပါတယ်။

ဒါ့အပြင် လူပေါင်း ၁ သန်းခွဲကျော်ဟာလည်း သူတို့နေအိမ်တွေကနေ စွန့်ခွါခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက် ထပ် လူပေါင်း ၃.၁ သန်းကျော်ကိုလည်း နေရပ်စွန့်ခွါပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ဂျပန် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။ ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာလည်း စံချိန်တင် မိုး အကြီးအကျယ်ရွာသွန်းတာကြောင့် မြေပြိုနိုင်သလို ကျူရှုးကျွန်းမကြီးက မြစ်ရေတွေ ကြီးလာနိုင်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးထားပါတယ်။

တောင်ပိုင်း Shikokou ကျွန်းက Motoyama မြို့မှာဆိုရင် စနေနေ့မနက်ပိုင်းအထိ ၂၄ နာရီအတွင်း ၅၈ စင်တီမီတာထိ မိုးရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်အနောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွင်းမှာ စနေ့နေ့ထိ မိုးအကြီးအကျယ် ဆက်လက်ရွာသွန်းမယ်ဆိုပြီး အေဂျင်စီက သတင်းပေးထားတာပါ။

အခုအခါမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် မီးသတ်တပ်ဖွဲ့ဝင်၊ ရဲနဲ့ စစ်ဘက်တပ်ဖွဲ့ဝင် ၄၈,၀၀၀ လောက် ချထားတယ်လို့ ဂျပန်အစိုးရကပြောပါတယ်။ ဒါ့အပြင် နောက်ထပ် တပ်ဖွဲ့ဝင် ၂၁,၀၀၀ လောက် ကိုလည်း နောက်ထပ် အရေးပေါ် အခြေအနေအတွက် အဆင်သင့်ပြင်ထားခိုင်းတယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်ရုပ်မြင်သံကြားမှာတော့ ဟီရိုရှီးမားမြို့က သစ်သားတံတား မြစ်ရေထဲ စီးပါသွားပြီး ရေကြီးရေလျှံဖြစ်နေတဲ့ ဒေသက ဘေးဒုက္ခရောက်နေသူတွေကို ရဟတ်ယာဉ်နဲ့ လိုက်လံရှာဖွေ ကယ်ဆယ်နေတာကို တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာ အခုလို မိုးရာသီကာလ သဘာဝဘေးဒဏ်ကြောင့် လုပ်သားတွေ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် မစ်ဆူဘီရှီနဲ့ မာဇဒါ ဂျပန် ကုမ္ပဏီကြီးတွေရဲ့ စက်ရုံတချို့ကိုလည်း ရပ်နားထားပါတယ်။

Your browser doesn’t support HTML5

ဂျပန် မိုးကြီး မြေပြို လူ ၅၀ ကျော်သေ ၅၀ ပျောက်ဆုံး