အသက် ၁၀၀ မီတာ ၁၅၀၀ ရေကူးပြိုင်ပွဲ ဂျပန်ဖွားဖွား ကမ္ဘာ့စံချိန်တင်

ဂျပန်ဖွားဖွား Mieko Nagaoka

ဂျပန်နိုင်ငံက အသက် ၁၀၀ ရှိတဲ့ အဖွားအိုတယောက်ဟာ ကမ္ဘာမှာ မီတာ ၁၅၀၀ Freestyle လို့ခေါ်တဲ့ အလွတ် ရေကူးပြိုင်ပွဲမှာ ပန်းဝင်အောင် အောင်မြင်စွာ ကူးခတ်နိုင်တဲ့ ပထမဆုံး ရာပြည့် ဖွားဖွားအဖြစ် မှတ်တမ်း တင်သွားပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်း မြို့ဖြစ်တဲ့ Matsuyama မှာ စနေနေ့က ကျင်းပခဲ့တဲ့ ရေကူးပြိုင်ပွဲအတွင်း ဖွားဖွား Mieko Nagaoka ဟာ ၁ နာရီ၊ ၁၅ မိနစ်၊ ၅၄ စက္ကန့်နဲ့ ပန်းဝင်အောင် ကူးနိုင်ခဲ့တဲ့အတွက် သူ့အသက်ရွယ်တန်းမှာ ပထမဆုံး ပန်းဝင်သူအဖြစ် ကမ္ဘာ့မှတ်တမ်း ဝင်သွားတာ ဖြစ်ပါတယ်။

ဒါဟာ ဖွားဖွား Nagaoka တယောက် အသက် ၈၀ ကျော်မှ ဒူးမှာရခဲ့တဲ့ ဒဏ်ရာအတွက် ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ရင်း ရေကူးရာကစပြီး ပြိုင်ပွဲ ဝင်လာတာမှာ ဒါဟာ သူ့အနေနဲ့ ၂၅ ကြိမ်မြောက် ကမ္ဘာ့ မှတ်တမ်းဝင်ခြင်းလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ နိုင်ငံတကာ ရေကူးပြိုင်ပွဲတွေမှာ အသက် ၈၈ နှစ်ကျမှ စတင် ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဖွားဖွား Nagaoka အနေနဲ့ နယူးဇီလန်နိုင်ငံမှာ ၂၀၀၂ ခုနှစ်က ကျင်းပတဲ့ မီတာ ၅၀ နောက်ပြန်ကူး စိန်ခေါ်ပွဲမှာ ကြေးတံဆိပ်ဆုရခဲ့သလို ၂၀၀၄ ခုနှစ်က အီတလီနိုင်ငံမှာ ကျင်းပတဲ့ ရေကူးပြိုင်ပွဲမှာလည်း ငွေတံဆိပ်ဆုကို ထပ်မံ ရရှိခဲ့ပါတယ်။