စစ်သူရဲကောင်းဗိမာန်သွားတဲ့ ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ခံရ

ဂျပန်ဝန်ကြီးချုပ် Shinzo Abe (လယ်) ရာဇကုနီ ဂျပန် စစ်သူရဲကောင်းဗိမာန်သို့ သွားရောက်ဂါရဝပြုပြီးနောက် သတင်းထောက်များနဲ့ တွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၂၆၊ ၂၀၁၃)

ဂျပန်ရဲ့အိမ်နီးချင်းနိုင်ငံတွေက စစ်ဝါဒီဆန်တဲ့သင်္ကေတလို့ သတ်မှတ်ထားတဲ့ တိုကျိုမြို့က ဂျပန်စစ်သူရဲကောင်းဗိမာန်ကို ဝန်ကြီးချုပ် Shinzo Abe သွားရောက် ဂါရဝပြုခဲ့ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်တဦးအနေနဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက Yasukuni စစ်သူရဲကောင်းဗိမ္မာန်ကို သွားရောက် ဂါရဝပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် အခုလို သွားရောက်တဲ့အပေါ် ဂျပန်နယ်ချယ်တွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ချက်ချင်းဆိုသလို ကန့်ကွက်ခဲ့ကြပါတယ်။

ကြာသပတေးနေ့မှာ သူအဲဒီလို သွားရောက်ခဲ့တာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ခံစားချက်ကို စော်ကားဖို့မဟုတ်ဘဲ စစ်အတွင်းကျဆုံးသွားကြတဲ့ ဂျပန် စစ်သည်တွေကို ဂါရပြုဖို့သွားခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ် အာဘေးက နိုင်ငံရေး အရ အရေးပါတဲ့ခရီးစဉ် မဟုတ်ကြောင်း လျော့ပေါ့ ပြောကြားလိုက်ပါတယ်။ အဲဒီ စစ်သူရဲကောင်းဗိမာန်မှာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ပြစ်ဒဏ် စီရင်ခံခဲ့ရသူ ၁၄ ဦး အပါအဝင် ကျဆုံးသွားကြတဲ့ ဂျပန်စစ်သည် ၂ သန်းခွဲအတွက် ဂုဏ်ပြု တည်ဆောက်ထားတဲ့ ဗိမ္မာန်လည်း ဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ အခုလို ဝန်ကြီးချုပ်အာဘေး သွားတဲ့ကိစ္စကို အပြင်းထန်ဆုံး ကန့်ကွက်တဲ့အကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား ယဉ်ကျေးမှု၊ အားကစားနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီး Yoo Jinryong ကလည်း ခေတ်နောက်ပြန်ဆွဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။