ကုလငြိမ်းချမ်းရေးတပ်တွေအတွက် ဂျပန်နိုင်ငံ ပထမဆုံးအကြိမ် လက်နက်ထောက်ပံ့

ပြဿနာဖြစ်နေတဲ့ တောင်ဆူဒန်နိုင်ငံ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေအတွက် ဂျပန်နိုင်ငံက လက်နက်ခဲယမ်းမီးကျောက်တွေ တင်ပို့လိုက်ပါတယ်။ ဒီလို ဂျပန်နိုင်ငံအနေနဲ့ ပြည်ပစစ်ရေးအတွက် လက်နက်တင်ပို့ပေးတာဟာ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်ကစလို့ အခုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ပြည်တွင်းစစ် ပြန်ဖြစ်နိုင်တဲ့ အန္တရာယ် ကြုံနေရတဲ့ တောင်ဆူဒန်ပဋိပက္ခကို ကိုင်တွယ်ထိန်းသိမ်းဖို့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေထဲက တောင်ကိုရီးယားစစ်တပ်အတွက် ကုလသမဂ္ဂရဲ့ မေတ္တာရပ်ခံချက်အရ ဂျပန်က ကျည်ဆန် ၁ သောင်း ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဂျပန်ဖွဲ့စည်းပုံဥပဒေက ငြိမ်းချမ်းရေးကို အခြေပြု ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်ပြီး လက်နက်တင်ပို့မှုကို ဖွဲ့စည်းပုံအရ တားမြစ်ထားတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်အရ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အစိတ်အပိုင်းတခုအဖြစ် လက်နက်တင်ပို့တာကို ဥပဒေအရ ခွင့်ပြုတယ်လို့ ဂျပန်အရာရှိတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒုတိယအကြိမ် အာဏာရလာတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ သူ့အခေါ် တက်ကြွသော ငြိမ်းချမ်းရေးမူဝါဒ ဖွဲ့စည်းပုံကို ပြန်ပြင်လိုတယ်လို့ ပြောနေတာပါ။ ဆယ်စုနှစ်များစွာ တည်ရှိလာခဲ့တဲ့ လက်နက်ထုတ်လုပ်တီထွင် တင်ပို့မှု ပိတ်ပင်ထားတာတွေကိုလည်း လျှော့ပေါ့ပေးဖို့ သူက အဆိုပြုထားပါတယ်။