မြန်မာ့ ငြိမ်းချမ်းရေး ဂျပန်သံအမတ် အမြင်

Mr.Ichiro MARUYAMA ကို ကိုကျော်ကျော်သိန်းတွေ့ဆုံမေးမြန်း

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဂျပန်နိုင်ငံက ဘယ်လို ပံ့ပိုးကူညီပေးနေပါသလဲ … မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်ပြီးတည်ဆောက်နိုင်ခြေ အလားအလာအပေါ်မှာရော ဂျပန်နိုင်ငံက ဘယ်လိုမြင်ပါသလဲ ဆိုတာတွေအပါအဝင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်တိုးဖြစ်ပေါ်နိုင်ဖို့အတွက် တပ်မတော်အပါအဝင် သက်ဆိုင်သူအားလုံးကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဘယ်လိုအကြံပေးထားသလဲ ဆိုတာတွေကို ကိုကျော်ကျော်သိန်းနဲ့ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA တို့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို တင်ပြလိုက်ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဂျပန်နိုင်ငံက ထိထိရောက်ရောက် ထဲထဲဝင်ဝင်ကူညီပေးနေတယ်လို့ ကျနော်တို့ နားလည်ထားပါတယ်ဆိုတော့ သံအမတ်ကြီးအနေနဲ့ ကျနော်တို့ မြန်မာပရိတ်သတ်ကို ဂျပန်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေပြီးတော့ ဘယ်လိုအကူအညီပေးနေတယ်ဆိုတာကို နည်းနည်းရှင်းပြပါ။

ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA ။ ။ ကျနော်တို့က ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့ ဆက်ဆံရေးရှိကြတဲ့အခါ ငြိမ်းချမ်းရေးကို အဓိကထားနေပါတယ်။ ပြီးတော့ တကယ်ပဲ မြန်မာနိုင်ငံအတွက် နိုင်ငံရေး တည်ငြိမ်မှု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာဆိုရင် ကျနော်တို့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆိုတာ မစ္စတာ Sasakawa ၊ သူကတော့ ဂျပန်မှာ NGO ဖြစ် အစိုးရမဟုတ်တဲ့ နီပွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ သူ့ကို ဂျပန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်ဆိုပြီးတော့ ခန့်ပါတယ်။ ကျနော်တို့က အပိုင်း ၂ ခုရှိပါတယ်။ ပထမတခုက တကယ့်ငြိမ်းချမ်းရေး ၊ အပစ်အခတ်ရပ်စဲရေးကို ရပ်စဲလိုက်မယ် နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်။ အဲဒါကတော့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ ၂ ဖက်စလုံးက လုပ်ချင်တဲ့ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံခြားအစိုးရက ကြားမှာဝင်ပြီးတော့ အဲဒါကို မလုပ်ချင်ပါဘူး။ ဒါပေမယ့် ၂ ဖက်စလုံးတွေ့နိုင်အောင်အတွက် ဥပမာ မြန်မာအစိုးရ၊ တပ်မတော် ၊ တိုင်းရင်းသားအဖွဲ့အစည်းများ အကောင်အထည်ဖော်နိုင်အောင် ကျနော်တို့ဘေးကနေ အားပေးပါမယ်ခင်ဗျ။ အဲဒါက ပထမအပိုင်း ၊ ဒုအပိုင်းမှာ အကယ်၍ အပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်တယ်ဆိုရင် အဲဒီတိုင်းရင်းသားအဖွဲ့အစည်းများရှိတဲ့နေရာကို လိုအပ်တဲ့ စားနပ်ရိက္ခာတို့ ဖွံ့ဖြိုးရေးအတွက် ကျနော်တို့ ဂျပန်အစိုးရနဲ့ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းပြီးတော့ အကူညီပေးပါမယ်။

ကိုကျော်ကျော်သိန်း။ ။ တချို့နေရာတွေမှာ အပစ်အခတ်ရပ်စဲပြီးတော့ အတော်လေးတည်ငြိမ်လာတဲ့အခြေအနေရှိသလို၊ တချို့နေရာတွေမှာ တော်လေး ရှုပ်ထွေးနေတဲ့အခြေအနေရှိပါတယ်။ အခုဆိုရင်လည်း တရားဝင်တွေ့ဆုံဆွေးနွေးပွဲတွေက တချို့ဟာတွေ ရှေ့မတိုးနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ လက်ရှိအခြေအနေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နည်းနည်းလေးတန့်နေတယ်လို့ပြောကြပါတယ်။ ဆိုတော့ သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံမှာ တကယ့်ကို လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ဖြစ်နိုင်ခြေရှိပါရဲ့လား။

ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA ။ ။ ဟုတ်ကဲ့ကျနော်တို့က လုံးဝဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဟိုးအရင်တုန်းကဆိုရင် နိုင်ငံအချင်းချင်းပြိုင်ဆိုင်နေတာတွေရှိခဲ့ပါတယ်။ အခုကတော့ ကိုယ့်နိုင်ငံ စီးပွားရေး တည်ငြိမ်မှုရှိတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးပြေလည်ဖို့ အဲဒါက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် အထူးသဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပတ်သက်တာဆိုရင် တရုတ်၊ ထိုင်းနိုင်ငံတို့လည်း အင်မတန်မှ အားပေးပြီးတော့ လုပ်နေတာကို ကျနော်တို့ ချီးကျူးချင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဂျပန်နိုင်ငံလည်း အဲလို အိမ်နီးနားခြင်းနိုင်ငံ အထူးသဖြင့် တရုတ်တို့ ထိုင်းတို့နဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ အကောင်းဘက်ကို သွားနိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ကိုကျော်ကျော်သိန်း။ ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီးအနေနဲ့ ဘက်အားလုံးပေါ့လေ တပ်မတော်၊ အစိုးရ၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး အတွက် သံအမတ်ကြီးအနေနဲ့ အကောင်းဆုံးအကြံဉာဏ်တခုပေးမယ်ဆိုရင် ဘာများပေးချင်ပါသလဲ။

ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA ။ ။ ကျနော်တို့က မြန်မာအစိုးရဖြစ်ဖြစ် တပ်မတော်ပဲဖြစ်ဖြစ် ၂ ဖက်စလုံးက ငြိမ်းချမ်းရေးရဖို့အတွက် အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာ လုံးဝသဘောတူပါတယ် အသိအမှတ်ပြုပါတယ်။ ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းများလည်း အဲဒီမှာ တိုက်ပွဲဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးမရှိတဲ့အတွက် ဖွံ့ဖြိုးရေးအင်မတန်မှ နောက်ကျတယ်။ နောက်ကျတဲ့အတွက်အင်မတန်မှ ဒုက္ခခံစားနေရတာကတော့ ဒေသခံတွေဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေအတွက် ကျနော်တို့က အဲဒီ ဒုက္ခကို ဖြေရှင်းချင်တဲ့သဘောနဲ့ ၃ ဖွဲ့စလုံး တပ်မတော်ရော အစိုးရရော၊ တိုင်းရင်းသားအဖွဲ့အစည်းများဆွေးနွေးမယ်ဆိုရင် ဒီကိစ္စက ဖြေရှင်းနိုင်မယ်လို့ လုံး၀ ယုံကြည်ပါတယ်ခင်ဗျ။"

ဒီ သီးခြားတွေ့ဆုံမေးမြန်းခန်း အပိုင်း (၃) ကို နောက်ရက်မှာ ဆက်လက် ဖော်ပြမှာဖြစ်ပြီး အဲဒီအပိုင်းမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်အပါအဝင် တခြားနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေး အလားအလာ၊ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် တရုတ်နဲ့ ဂျပန်တို့ကြား ပြိုင်ဆိုင်နေကြတယ်ဆိုတဲ့ အမြင်အပေါ် ဂျပန်သံအမတ်ကြီးရဲ့ တုန့်ပြန်ချက်၊ မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုကရော ဘာတွေဖြစ်မလဲ စတဲ့ကိစ္စရပ်တွေ ကို သိကြရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ ငြိမ်းချမ်းရေး ဂျပန်သံအမတ် အမြင်

Your browser doesn’t support HTML5

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဂျပန်နိုင်ငံရဲ့ ပံ့ပိုးမှု