ဂျပန် ဆူနာမီရေလှိုင်းဒဏ်သင့် တနှစ်ပြည့်

သမိုင်းတလျှောက် အဆိုးရွားဆုံး နျူကလီးယား ပြဿနာတစ်ခုအဖြစ် ကြုံခဲ့ရတဲ့အထိ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရတာ တနင်္ဂနွေနေ့မှာ တနှစ်ပြည့် သွားပါပြီ။ တနှစ်ပြည့်နေ့အဖြစ် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပနေချိန်မှာပဲ ဂျပန်နိုင်ငံ အနေနဲ့ ငလျင်၊ ဆူနာမီနဲ့ နျူကလီးယား ကပ်ဘေးဒဏ် ၃ ခုက ပြန်လည် နာလန်ထူလာရေး ကြိုးပမ်းနေရပါတယ်။

ကပ်ဘေးဒဏ်ကြောင့် ဆုံးပါးခဲ့ရသူ လူပေါင်း ၂ သောင်း ကိုသာမက နောက်ပိုင်းမှာ ဂျပန်နိုင်ငံကို ဝိုင်းဝန်း ကူညီကြတဲ့ တခြားနိုင်ငံတွေကိုပါ မမေ့မလျော့ ရှိနေကြောင်းလည်း ဝန်ကြီးချုပ် Yoshihiko Noda က စနေနေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးခဲ့တာပါ။ ဂျပန်နိုင်ငံ အနေနဲ့ အားလုံးအပေါ် ပေးဆပ်ရမယ့် တာဝန်တွေနဲ့အတူ ထာဝရကျေးဇူးတင်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

တိုကျိုမြို့တော်နဲ့ တခြားနေရာ အတော်များများမှာ တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပချိန်မှာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၁ ရက်နေ့က ပြင်းအား ၉ အထိရှိတဲ့ ငလျင်လှုပ်ခတ်တဲ့အချိန် ဖြစ်တဲ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ အများပြည်သူ သွားလာမှုတွေ အတော်များများကို ရပ်ဆိုင်းထားမှာပါ။

ငလျင်ကြောင့် ကြီးမားတဲ့ ဆူနာမီလှိုင်းလုံးတွေက ကမ်းရိုးတန်းတလျှောက်က မြို့တွေ ရွာတွေကို ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေး စက်ရုံကို ရိုက်ခတ်ခံခဲ့ရတဲ့ အတွက်လည်း ဓာတ်ပေါင်းဖို ၃ လုံး ထိခိုက် ပျက်စီးရာက ရေဒီယိုသတ္တိကြွတွေ ထွက်ပေါ်လာတဲ့အတွက် ကျေးရွာအုပ်စု အတော်များများ လူသူမနေနိုင်လောက်အောင် ဖြစ်ခဲ့ရတာပါ။ တနှစ်ပြည့်လာချိန်အထိ ဒေသခံတွေ ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုက်နေကြရဆဲ ဖြစ်သလို အများအပြားဟာ ဆိုရင်လည်း အလုပ်အကိုင်မရှိနဲ့ ဘဝတွေကို ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေကြရတုန်းလည်း ဖြစ်ပါတယ်။