နိုင်ငံသားအခွင့်အရေး အလေးထားဖို့ ဂျင်မီကာတာ တိုက်တွန်း

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (ဧပြီလ ၅ ရက်၊ ၂၀၁၃။)

အမေရိကန်သမ္မတဟောင်း Jimmy Carter က သမ္မတဦးသိန်းစိန်အနေနဲ့ ဂရုဏာတရား ရှေ့ထားပြီး နိုင်ငံသားအားလုံးရဲ့အခွင့်အရေးနဲ့ လွတ်မြောက်မှုကို အလေးပေးဖို့အလေးအနက်တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည် ပြုပြင် ပြောင်းလဲရေး ဖော်ဆောင်နေကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ချီးကျူးရင်း ပြည်တွင်းစစ် အဆုံး သတ်ရေး ဒီထက်ပိုပြီး စေတနာမှန်နဲ့ ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။ အပြည့်အစုံကိုတော့ သမ္မတဟောင်း ဂျင်မီကာတာ လူထုကို မိန့်ခွန်းပြောခဲ့ရာမှာ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့်ဇနီး ရွှေတိဂုံစေတီတော်ကို ဖူးမြော်ရန် လာရောက်စဉ်။


မြန်မာပြည်ကို ၅ ရက်ကြာခရီးရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဟောင်း ဂျင်မီကာတာက ရန်ကုန်မြို့ Park Royal Hotel မှာ သောကြာနေ့ည ၇ နာရီ၊ ၁၅ မိနစ်မှာ လူထုကို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် ဂျင်မီကာတာက အခုလို သုံးသပ်လိုက်ပါတယ်။

မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး မူဝါဒဟာ နိုင်ငံသားအားလုံးအတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ဆောင်ကျဉ်းနေတယ်လို့ သူ ယုံကြည်ပါတယ်-တဲ့။

၂၀၀၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဂျင်မီကာတာက မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေကြတဲ့ မြန်မာပြည်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုကိုလည်း အခုလို အသိအမှတ် ပြုလိုက်ပါသေးတယ်။

ဒီနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လေးစားပါတယ်-တဲ့။

ဦးသိန်းစိန်နဲ့ သူ့ရဲ့အစိုးရက ပြုပြင်ပြောင်းလဲရေးကို လက်လှမ်းမီအောင် ဆောင် ရွက်နေတာ တွေ့ရတယ်-လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့တာ၊ လူ့အခွင့် အရေး ကော်မရှင် ဖွဲ့စည်းပေးနိုင်ခဲ့ တာတွေနဲ့ ၂၀၁၂ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပ ပေးနိုင်ခဲ့တာတွေကို အသိအမှတ်ပြု ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အခုတလော နိုင်ငံအတွင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖြစ်နေတာ၊ တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ရှမ်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေကြတယ် ဆိုပေမဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ပတ်သက်လို့ စိုးရိမ်နေတဲ့အတွက် သမ္မတ ဦးသိန်းစိန်ကို သူက အခုလို တိုက်တွန်းချင်ပါတယ်-တဲ့။

အမေရိကန်သမ္မတဟောင်း Jimmy Carter နှင့်ဇနီး Rosalynn Smith၊ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အတူတွေ့ရစဉ်


သမ္မတဦးသိန်းစိန်ကို အကြံပြုချင်ပါတယ်-တဲ့။ ဒီမိုကရေစီ လူ့ဘောင် အသိုင်းအဝိုင်းကို တည်ဆောက်တဲ့နေရာမှာ အကြင်နာ၊ ဂရုဏာတရားကိုရှေ့ထား၊ ကိုယ်ချင်းစာတရားကို ရှေ့ထား၊ သည်းခံ နားလည် ခွင့်လွှတ်ခြင်းကို ရှေ့ထားပြီးတော့ စေတနာထား ဆောင်ရွက်ဖို့ တိုက်တွန်း ချင်ပါတယ်-တဲ့။ နိုင်ငံသားအားလုံးရဲ့ လွတ်မြောက်မှု အတွက်ဆိုတဲ့ အခွင့်အရေးကိုလည်း ကြိုးစားဖို့ လိုပါတယ်-လို့ ပြောသွားတာ ဖြစ်ပါတယ်။

သမ္မတဂျင်မီကာတာဟာ ဒီခရီးစဉ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူထု အခြေပြု အဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်အတွင်းမှာ အင်တာနက် နည်းပညာအသုံးပြုမှု မြန်ဆန်ရေးနဲ့ ဆက်သွယ်ရေး အဆင်ပြေလွယ်ကူအောင်လည်း အခုလို ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။

ဆဲလ်ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးတွေ သိပ်အဆင်မပြေသေးတာကို - သူက ထောက်ပြ ပြောဆိုသွားတာပါ။ ဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာ မဟုတ်ဘဲ ဆင်းရဲလှတဲ့ အာဖရိက နိုင်ငံတွေတောင်မှ လူတိုင်းလိုလို ဆဲလ်ဖုန်းကိုယ်စီ ကိုင်နိုင်ကြတာကို တွေ့ရပါတယ်-တဲ့။ ဒါ့ကြောင့် မြန်မာပြည်သူတွေလည်း အားလုံးကိုယ်စီ ဆက်သွယ်ရေး အဆင်ပြေအောင် တွေ့မြင်လိုပါတယ်-လို့ သူက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ ဟောပြောပွဲကို NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ လူငယ်တွေ စုစုပေါင်း ပရိသတ် ၅၀၀ ခန့် တက်ရောက်အားပေးခဲ့တာ တွေ့ရပါတယ်ရှင်။