ကန်-ရုရှားထိပ်သီးပွဲ ညှိနှိုင်းဖို့ John Bolton မော်စကိုသွားမည်

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton လာမယ့်သတင်းပတ်ထဲ ရုရှားနိုင်ငံကို အလည်အပတ် ရောက်လာတဲ့အခါ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံဆွေးနွေးပွဲတခုဖြစ်ပေါ်လာအောင် ရုရှား အစိုးရ အရာရှိတွေ တိုင်ပင်ဆွေးနွေး နေကြတယ်လို့ TASS ရုရှားသတင်းဌာနက ဖေါ်ပြပါတယ်။

အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့အကြားမှာ ထိပ်သီးဆွေးနွေးပွဲတခု လာမယ့်လအတွင်း ပေါ်ပေါက်လာရေးကြိုးပမ်းစီစဉ်ဖို့ ရုရှားကို အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton ရောက်လာမယ်ဆိုတာ အမှန်ပဲလို့ ရုရှားအစိုးရဘက်က ကြာသပတေးနေ့ကပဲ အတည်ပြုချက် ပေးပါတယ်။

John Boltonဟာ လာမယ့်အပတ်ထဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံလိမ့်မယ်လို့ ရုရှားက RIA သတင်းဌာနရဲ့ပြောဆိုချက်ကိုကိုးကားပြီး ရိုက်တာစ် သတင်းမှာ မနေ့က ဖေါ်ပြပါတယ်။ John Boltonဟာ ဇွန်လ ၂၅ ရက်ကနေ ၂၇ ရက် အတွင်း လန်ဒန်နဲ့ရောမမှာ အမေရိကန်ရဲ့မဟာမိတ်တွေနဲ့ အမျိုးသား လုံခြုံရေး ကိစ္စတွေ ကိုဆွေးနွေးကြမှာဖြစ်ပြီး ရုရှားနဲ့အမေရိကန်သမ္မတ ၂ ဦးအကြား ထိပ်သီး ဆွေးနွေးမှု ဖြစ်ပေါ်ရေးကိစ္စစီစဉ်ဖို့ ရုရှားကို ခရီးဆက်မယ်လို့ အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Garrett Marquisက တွစ်တာလူမှုကွန်ယက်မှာ ရေးသားဖေါ်ပြပါတယ်။ လာမယ့်လအတွင်း သမ္မတထရမ့်ရဲ့ ဥရောပခရီးစဉ်မှာ ရုရှားအမေရိကန် ထိပ်သီး ဆွေးနွေးပွဲဖြစ်နိုင်တယ်လို့ အမည်မဖေါ်လိုတဲ့ သတင်းရပ်ကွက်ကို ကိုးကားပြီး သတင်းတွေမှာဖေါ်ပြကြပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ဘလ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက် ကျင်းပမယ့် နေတိုးထိပ်သီး ဆွေးနွေးပွဲမတိုင်ခင် ဖြစ်ဖြစ် နေတိုးအစည်းအဝေးအပြီး ၂ ရက် အကြာ သမ္မတထရမ့် ဗြိတိန်ကိုသွားတဲ့အခါမှာ ဖြစ်ဖြစ် ရုရှားသမ္မတပူတင်နဲ့ ထိပ်သီးဆွေးနွေးမှုဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေမှာဖေါ်ပြနေကြပါတယ်။

Your browser doesn’t support HTML5

ကန်-ရုရှားထိပ်သီးပွဲ ညှိနှိုင်းဖို့ John Bolton မော်စကိုသွားမည်